Monday 8 April 2019

ကြက်သား ကော်ပြန့်ကြော်




















ဒီတစ်ခါတော့ အရမ်းကို စားလို့အရမ်းကာင်းပြီး  ကြွတ်ရွမွနေကာ တရုတ်မဆလာနံ့  မွှေးနေတဲ့ ကြက်သားကော်ပြန့်လိပ်လေးတွေ  ကြော်စားဖြစ်လို့ မာမာကြော်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ် ကြက်သားအစား ဝက်သား ပုဇွန်တို့ အစားထိုးပြီးလဲ ကြော်စားနိုင်ပါတယ်ရှင်။
ပါဝင်ပစ္စည်များ
  1. ကော်ပြန့်အရွက် - ၁၀ရွက်
  2. ကြက်ရင်ပုံသား - သုံးဆယ့်ငါးကျပ်သား
  3. ဂေါ်ဖီ - လှီးပြီးသား တရုတ်ဟင်းပြင်ပန်းကန်အလတ် တလုံးစာ
  4. မုန်လာဥနီ - ခပ်ကြီးကြီး တစ်ဥ
  5. ကြက်သွန်မိတ် - သုံးပင်
  6. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်းဇွန်း
  9. တရုတ်မဆလာ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  11. အကြော်မှုန့် - ထမင်းစားဇွန်း ၈ဇွန်းမောက်မောက်
  12. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း 
  13. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (အငံကြိုက်ပါက အနည်းငယ် ပိုထည့်ပါ)
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း (အသီးအရွက်ကြော်ရန်)
  15. ဆီ လိုသလောက်သုံးပါ (ကော်ပြန့်ကြော်ရန်)

ပြင်ဆင်ပုံ
  1. ကော်ပြန့်ရွက်ကို ပြင်ထားပါ
  2. ကြက်သားကို ရေဆေးပြီး ညက်နေအောင် ကြိတ်ပေးပါ 
  3. ကြိတ်စက်မရှိပါက ခပ်နုတ်နုတ် စင်းပေးပါ
  4. ပြီးတာနဲ့ ကြက်ကြိတ်သားကို သကြား ထမင်းစားဇွန်း တစ်ဇွန်းခွဲ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ပဲငံပြာရည်တို့နဲ့ နယ်ပေးပြီး နာရီဝက်ခန့်နှပ်ထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ လေးထောင့်အတုံးလေးတွေရအောင် လှီးပေးထားပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ပြီး ခပ်နုတ်နုတ် စင်းပေးပါ
  7. ဂေါ်ဖီကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပေးပါ
  8. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း အတုံးလေးတွေ ရအောင် လှီးပေးပါ
  9. ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးပေးထားပါ
  10. ပြောင်းကော်မှုန့်ကို ရေ ထမင်းစားဇွန်း ၆ဇွန်းခန့်နဲ့ ရောဖျော်ထားပါ
  11. ကော်ပြန့်ကြော်ရန် အကြော်မှုန့်ကို ဇလုံထဲထည့်ပြီး ရေနှင့် ခပ်ပျစ်ပျစ် ဖျော်ထားပါ
  12. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  13. ဆီပူလာတာနဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပေးပါ 
  14. ကြက်သွန်ဖြူ အနည်းငယ် နွမ်းလာတာနဲ့ ကြက်သားကို ထည့်ပြီးကြော်ပေးပါ
  15. ကြက်သားနံ့ မွှေးလာတာနဲ့ အသားကျက်စေရန် ရေနွေးကို မြုပ်အောင်ထည့်ပြီး ဆီပြန်လာအောင် တည်ပေးပါ
  16. ကြက်သား ဆီပြန်လာတာနဲ့ မုံလာဥနီ ဂေါ်ဖီ ကြက်သွန်နီ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် သကြား ထမင်းစားဇွန်း တစ်ဝက် တရုတ်မဆလာနှင့် ကော်ရည်ကို ထမင်းစားဇွန်း တစ်ဇွန်းစာ ချန်ထားပေးပြီးထည့်မွှေပေးပြီး ကော်ရည်ခမ်းကာ အသီးအရွက်များ နွမ်းအောင် ကြော်ပေးကာ အရသာမြည်းပါ
  17. မိမိနှစ်သက်တဲ့ အရသာရအောင် ပြင်ပေးပြီးတာနဲ့ ကြက်သွန်မိတ်ကို ထည့်မွှေပေးကာ မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
ကော်ပြန့်လိပ်ရန်
  1. ထမင်းစားဇွန်း တစ်ဇွန်းစား ချန်ထားသော ကော်ရည်ကို မိုက်ခရိုဝေ့ထဲ ဆယ်စကန့်လောက်ထည့်ကာ အပူပေးထားလိုက်ပါ
  2. ကော်ပြန့်ရွက်ကို ပုံပါအတိုင်း ဖြန့်ခင်းပေးပါ
  3. ပြီးတာနဲ့ အအေးခံထားသော ကြက်သားအသီးအရွက်ကြော်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ကို ကော်ပြန့်ရွက်ထောင့်နားမှာ ပုံပေးပါ
  4. အစာပုံထားသော အောက်ဖက်မှ စပြီးကော်ပြန့်ရွက်ကို လိပ်ပေးပါ
  5. ပြီးတာနဲ့ နောက်တစ်ခေါက် ထပ်လိပ်ပေးပြီး ဘေးနှစ်ဖက်ကို ခေါက်ပေးပါ
  6. ဘေးနှစ်ဖက် ခေါက်ပေးပြီးတာနဲ့ အလိပ်ပုံစံလေး ရတဲ့ထိ ထပ်လိပ်ပေးပါ
  7. အလိပ်ပုံစံလေးရတာနဲ့ ကျန်နေသော ထောင့်နေရာလေးကို ကော်ရည်အနည်းငယ်ဖြင့် သုတ်ပေးကာ ကပ်ပေးပါ
  8. အထက်ပါ ပုံစံအတိုင်း ကြော်ထားတဲ့အစာများကုန်တဲ့အထိ ကော်ပြန့်လိပ်ကို လိပ်ပေးပါ
ကော်ပြန့်ကြော်ရန်
  1. လိပ်ထားသော ကြက်သားကော်ပြန့်လိပ်များနှင့် အရည်ဖော်ထားသော  အကြော်မှုန့်ပန်းကန်ကို အဆင်သင့်ပြင်ထားပါ
  2. ဒယ်အိုးတလုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  3. ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပါ
  4. မီးလျှော့ပြီးတာနဲ့ ကော်ပြန့်လိပ် တစ်ခုခြင်းကို အရည်ဖျော်ထားသော အကြော်မှုန့်ထဲမှ ထည့်ပေးပြီး လူးပေးပါ
  5. ပြီးတာနဲ့ ဆီအိုးထဲကိုထည့်ပြီး ကြော်ပေးပါ
  6. ကြော်တဲ့အခါမှာ မီးမများစေရန် သတိထားပေးပါ
  7. တစ်ဖက်ရွှေအိုရောင် သန်းလာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
  8. နှစ်ဖက်စလုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  9. ဆီစစ်သွားတာနဲ့ ကြက်သားကော်ပြန့်လိပ်ကော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်တဲ့ အချဉ်ရည်ဖြင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment