Tuesday 9 April 2019

ကန်စွန်းဥသာကူ ငှက်ပျောသီး အုန်းနို့ဆမ်း









သင်္ကြန်နား နီးလာလေ စိတ်ထဲမှာ မြန်မာပြည်ကို လွမ်းလေလေမို့လို့ မြန်မာမုန့်လေးတွေ လုပ်စားဖြစ်ပြန်ပါတယ် ဒီတစ်ခါတော့ ကြာကြာ အထားခံမဲ့ ကန်စွန်းဥ အုန်းနို့သာကူဆမ်းလေး လုပ်စားဖြစ်တဲ့အတွက် ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။

အခုလို ပါဝင်ပစ္စည်းတွေကို အားလုံးတစ်ခါထဲ ရောကျိုလိုက်ရင် အကြာကြီး အထားမခံသလို သာကူတွေ ပွလာတဲ့တွက် စားလို့မကောင်းပါဘူး အခုလို ပြင်ဆင်ပြီး  ရေခဲသေတ္တာထဲမှာ ထည့်ထားရင် အနည်းဆုံး ၅ရက်လောက် အထားခံပါတယ်။

ပါဝင်ပစ္စည်းများ

  • သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  • အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  • ရေ  - 600 ml (အုန်းနို့နှင့် ရောကျိုရန်)
  • သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • သာကူကျိုရန် ရေနွေးဆူဆူ - ၃လီတာ
  • ဆွမ်းမွှေးရွက် - ၅ရွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ဆွမ်းမွှေးရွက် ကြိတ်တဲ့အထဲ ထည့်ရန်)
  • ကန်စွန်းဥ - ခပ်ကြီးကြီး တစ်ဥ
  • ငှက်ပျောသီး - နှစ်လုံး
  • ဇကာခပ်စိတ်စိတ် - တစ်ခု
  • ဆွမ်းမွှေးရွက်အရည်စစ်ရန် - ပိတ်စပါးတစ်စ
ဆွမ်းမွှေးရည်လုပ်ရန်
  1. ဆွမ်းမွှေးရွက်ကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးပါ
  2. ပြီးတာနဲ့ ရေနှင့် အရွက်များကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  3. အရွက်များ ညက်သွားတာနဲ့ ပိတ်စပါးလေးခံကာ အရည်စစ်ပေးပါ
  4. ဆွမ်းမွှေးရည် ရပါက အရွက်ဖတ်များ သွန်ပလိုက်ပြီး အရည်ကိုဘဲ ယူထားပါ
ပြင်ဆင်ပုံ
သာကူစေ့ပြုပ်ရန်
  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
  3. ရေပွက်ပွက်ဆူလာပါက ရေဆူဆူထဲကို ဆွမ်းမွှေးရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
  4. သာကူစေ့များ ခဲပြီး ကပ်မသွားစေရန်နှင့် အရောင်ညီစေရန် မကြာမကြာ မွှေပေးပါ
  5. သုံးသော သာကူများ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
  6. သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  7. သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
ကန်စွန်းဥပြုပ်ရန်
  • ကန်စွန်းဥကို ရေမြုပ်အောင်ထည့်ပြီး ကန်စွန်းဥ နူးတဲ့အထိ ပြုပ်ပေးပါ
  • ကန်စွန်းဥ နူးမနူးသိစေရန် သွားထိုး ဒုတ်တံအချွန်လေးဖြင့် ထိုးကြည့်ပါ
  • ကန်စွန်းဥအသား အိနေပြီဆိုရင် မီးပိတ်ပြီး အအေးခံကာ အခွံခွာ၍ ပုံပါအတိုင်း လှီးထားပါ
ငှက်ပျောသီးပြုပ်ရန်
  • ငှက်ပျောသီးကို အခွံမခွာဘဲ အလုံးလိုက် ရေမြုပ်အောင်ထည့်ပြီး သုံးမိနစ်ခန့် ပြုပ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ

အုန်းနို့ကျိုရန်
  • ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
  • အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ
  • အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
အုန်းနို့သာကူပွဲပြင်ရန်
  • သာကူ အုန်းသီးအခြောက် ကန်စွန်းဥ အုန်းနို့တို့ကို သတ်သတ်စီ ဗူးတခုစီနှင့် ထည့်ထားပါက ရေခဲသေတ္တာထဲမှာ ၅ရကိလောက်အထိ ထားနိုင်ပါတယ်
  • အအေးခံထားသော သာကူ ငှက်ပျောသီးနှင့် ကန်စွန်းဥတို့ကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ပန်းကန်တခုထဲမှာ ပြင်ပေးပါ
  • ကန်စွန်းဥသာကူ အုန်းနို့ဆမ်း စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  • အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတစ်လုံးကို ခြစ်ပြီး အရည်ညှစ်ကာ အုန်းနို့ရည် ယူနိုင်ပါတယ်။

No comments:

Post a Comment