Monday 29 April 2019

နန်ကြီးသုပ်











သားရောသမီးပါ အလုပ်ပိတ်ရက် ကျောင်းပိတ်ရက် ရက်ရှည်လေးရတော့ အဖေအမေဆီ လာလည်ကြပါတယ် သူတို့လာလည်တုန်း သူတို့စားချင်တာလေးတွေ ပြင်ပေးဖြစ်တာမို့လို့ ဒီတစ်ခါတော့ နန်းကြီးသုပ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
တစ်ချို့ကတော့ နန်းကြီးသုပ်ကို ကြက်ရိုးဟင်းခါးလေးတွေနဲ့ တွဲဖက်ပြီး စားကြပါတယ် မာမာကတော့ ပဲဟင်းရည်လေးနဲ့ တွဲဖက်ပြီး စားမှာဖြစ်လို့ ပဲဟင်းရည် ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. နန်းကြီး ခေါက်ဆွဲဖတ် - 400 gတစ်ထုတ်
  2. ကြက်ရင်ပုံသား - 350 g 
  3. ကြက်ဥ - ၅လုံး 
  4. ငါးဖယ်ကြော် - လိုသလောက် ပြင်ထားပါ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
  6. ကြက်သွန်နီ - အနေတော် ၅လုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လှီးထားပါ)
  7. ကြက်သွန်နီ - အလုံးကြီးကြီး ၃လုံး (အသုပ်ထဲထည့်သုပ်ရန်)
  8. ကြက်သွန်နီ - အနေတော် တစ်လုံး (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဆီသတ်ပြီး ပဲဟင်းရည်ထဲထည့်ရန်)
  11. ကြက်သွန်နီ - အလုံးခပ်သေးသေး ၅လုံးခန့် (ပဲဟင်းရည်ထဲထည့်ရန်)
  12. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းသုံးဇွန်း (ကြက်သားဆီသတ်ရန်)
  13. နနွင်းမှုန့် - လိုသလောက် သုံးပေးပါ
  14. ဆား - လိုသလောက် သုံးပေးပါ
  15. ငါးငံပြာရည် - လိုသလောက် ပြင်ပေးပါ
  16. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  17. အရသာမှုန့် - လိုသလောက် သုံပေးးပါ
  18. ပဲအကျက်မှုန့် - လိုသလောက် သုံးပေးပါ
  19. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၈ဇွန်း
  20. အုန်းနို့ဆီချက် - ထမင်းစားဇွန်း လေးဇွန်း
  21. သံပရာသီး - လိုသလောက် သုံးပေးပါ
  22. နံနံပင် - လိုသလောက် သုံးပေးပါ
  23. ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  1. ကြက်သားကို ရေစင်အောင်ဆေးပြီး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့် ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  2. ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  3. ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
  1. ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  3. ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  5. ဆီသတ်နံ့မွှေးလာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
  6. ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာတို့ကို ထည့်ပြီး မွှေကာ ဆက်ပြီးချက်ပေးပါ
  7. အရသာ သမလောက်တာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းသွားအောင် ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  8. ချက်ထားသော ကြက်သားဆီပြန်လာတာနဲ့ မီးပိတ်ပေးထားပါ
နန်းကြီးဖတ်ပြုပ်ရန်
  1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေပွက်ပွက်ဆူလာတာနဲ့ နန်းကြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
  3. ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါက ရေလိုပါက ရေနွေးကို ထပ်ထပ်ထည့်ပေးပါ
  4. မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
  5. မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
  6. ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမှာဘဲ ရေစစ်ထားပါ
ပဲဟင်းရည်ချက်ရန်
  1. အုန်းဆီချက်ပြီးသားကို ပြင်ထားပေးပါ
  2. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  5. နနွင်းမှုန့်နှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  6. ဒယ်အိုးထဲ ဆီ ထမင်းစားဇွန်း နှစ်ဇွန်းထည့်ပြီး အပူပေးပါ
  7. ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ လှီးထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ထည့်ပြီး ဆီသတ်ပေးပါ
  8.ာကက်သွန်များ နွမ်းသွားပြီး ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပါ
  9. ပဲအစိမ်းမှုန့်ကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခန့်နှင့် ပျော်အောင် ဖျော်ပေးပါ
  10. ပဲမှုန့်အရည်ပျော်သွားတာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ ထည့်ပေးပြီး အပူပေးပါ
  11. ပူလာတာနဲ့ ပဲမှုန့်မျာ လုံးထွေးပြီး ကပ်မသွားစေရန် သစ်သားယောင်းမနှင့် အဆက်မပြတ် မွှေပေးပါ
  12. ပဲမှုန့်မျာ ပဲစိမ်းနံ့ ပျောက်လာတာနဲ့  ပဲရည်အပျစ်အကျဲအတွက် မိမိစိတ်ကြိုက် ရေလိုသလောက်ထည့်ပေးပါ
  13. ပြီးတာနဲ့ ကြက်သွန်နီ ဆား အရသာမှုန့် ဆီသတ်ထားသော ငရုတ်သီးဆီသတ်နှင့် အုန်းဆီချက်တို့ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  14. ပဲရည်အိုး တည်နေစဉ် ဝေကျတတ်တဲပအတွက် သတိထားပြီး တည်ပေးပါ
  15. ကြက်သွန်နီဥများ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ထားပေးပါ
  16. နန်းကြီးသုပ်ထဲ ထည့်ရန်နှင့် အသုပ်နှင့် တွဲဖက်စားရန် ပဲဟင်းအရည်သောက်လေး ရပါပြီ။
နန်းကြီးသုပ်ပွဲပြင်ရန်
  1. နန်းကြီးဖတ်များကို ပြင်ထားပါ
  2. ကြက်သားချက်ပြီးသားကို ပြင်ထားပါ
  3. ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  4. သံပုရာသီးကို ရေဆေးပြီး လှီးထားပါ
  5. နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  7. ငါးဖယ်ကြော်ပြီးသားကို ပြင်ထားပေးပါ
  8. အရသာမှုန့်ကို ပြင်ထားပါ
  9. ပဲအကျက်မှုန့်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
  10. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ မိမိစားနိုင်သလောက် နန်းကြီးဖတ်  အရသာမှုန့် ကြက်သားဟင်း ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည် ကြက်ဥ ငါးဖယ်ကြော်နှင့် ပဲဟင်းရည်တို့ကို သင့်သလိုထည့်ပေးပြီး နယ်ပေးပါ
  11. အရသာ သမသွားတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး အသုပ်ပွဲပေါ်မှာ ကြက်ဥနှင့် ငါးဖယ်ကြော်ကို ထည့်ပေးပြီး ပဲဟင်းရည် ချိုချိုလေးနှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment