Thursday 11 April 2019

ခေါပြင် စိမ့်စိမ့်လေး



















ဒီနေ့တော့ ငယ်ငယ်က ဝယ်စားဖြစ်တဲ့ ခေါပြင်မုန့်လေးတွေ စားချင်တာနဲ့ လုပ်ဖြစ်သွားပါတယ် ပထမတစ်ခါ လုပ်တဲ့နည်းက နည်းနည်းလေး ခက်တယ်လို့ ပြောလို့ရပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါ ပိုပြီးလွယ်တဲ့နည်းလေး စမ်းပြီးလုပ်တာ အောင်မြင်သွားလို့ ခေါပြင်အလွယ် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၁၀ ချပ်စာအတွက်)

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူး
  2. ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူးခွဲသာသာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နှမ်းလှော်ပြီးသား - မိမိနှစ်သက်သလောက်
  5. Ready made အုန်းသီးစိတ် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  1. ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆားကိုထည့်ပြီး သမအောင် မွှေပေးပါ
  2. ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲ ရေတစ်ဗူး အရင်ဆုံးထည့်ပြီး နယ်ပေးပါ
  3. နောက်ထပ်ကျန်နေသော ရေတဝက်ကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
  4. ကောက်ညှင်းသားပျော့လာတဲ့အထိ နယ်ပေးရမှာ ဖြစ်တဲ့အတွက် ရေကို ချင့်ချိန်ပြီး ထည့်ပေးပါ
  5. တစ်ခါတရံ မိမိသုံးတဲ့ ကောက်ညှင်းမှုန့်အပေါ် မူတည်ပြီး ရေအနည်းအများကို ချင့်ချိန်ပြီး သုံးပေးပါ
  6. ကောက်ညှင်းမုန့်သား စေးပိုင်လာပြီလာပြီဆိုရင် ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ပေးပါ
  7. နှမ်းအစိမ်း သုံးမည်ဆိုပါက နှမ်းကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နှင့် လှော်ပေးပါ
  8. နှမ်းလှော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  9. နှမ်းစေ့များ ရွှေဝါရောင်သန်းလာပါက မီးပိတ်ပြီး ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးထားပါ
  10. အုန်းသီးကိုလဲ အုန်းသီးအစိုနဲ့ အုန်းသီးအခြောက်တို့ကို မိမိနှစ်သက်တဲ့ အုန်းသီးစိတ်ကို သုံးနိုင်ပါတယ်
  11. ကောက်ညှင်းပြုပ်ပြီးသားထည့်ရန် ရေဇလုံတစ်လုံး အသင့်ပြင်ထားပါ
  12. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  13. ရေပွက်ပွက်ဆူတာနဲ့ ကောက်ညှင်းမုန့်သားကို လက်တညှစ်စာ မှန်းပြီးယူလိုက်ပါ
  14. ပြီးတာနဲ့ ထိုမုန့်သားကို ပြားပြားလေး လုပ်ပေးရမှာ ဖြစ်တဲ့အတွက် လက်ထဲမှာ ဆယ်ချက်လောက် ခပ်နာနာလောက် ဆုတ်ဆုတ်ပေးပါ
  15. ကောက်ညှင်းမုန့်သား ကျစ်လာတာနဲ့ လက်ဝါးနှစ်ဖက်ထဲထည့်ကာ ဖိပြီးပြားပေးပါ
  16. ခပ်ပြန့်ပြန့်လေး ဖြစ်စေရန် လက်ဖနောင့်လေးနှင့် သေသေချာချာ လိုက်ဖိပေးပါ
  17. မုန့်သားခပ်ပြားပြားလေး ဖြစ်တာနဲ့ ရေနွေးအိုးထဲ ထည့်ပေးပါ
  18. မိမိသုံးတဲ့ အိုးအပေါ်မူတည်ပြီး တစ်ခုချင်း ဆန့်သလောက်ဘဲ ထည့်ပေးပါ
  19. မုန့်များကပ်မကုန်စေရန် ထပ်ထပ်ပြီး မထည့်ပါနဲ့
  20. မုန့်သားကျက်လာပါက ရေပေါ်မှာ ပေါ်လာပါလိမ့်မယ်
  21. ရေပေါ်ပေါ်လာပြီး ၃မိနစ်လောက်နေမှ ဆယ်ပြီးရေအေးဇလုံထဲ ထည့်ပေးပါ
  22. ကောက်ညှင်းမုန့်သား ကုန်တဲ့ထိ အထက်ပါနည်းအတိုင်း လုပ်ပေးပါ
  23. ပြီးတာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ မိမိစားချင်သလို နှမ်းလှော်ကို အရင်ခင်ပြီး မုန့်သားကို ရေထဲမှဆယ်ကာ ရေစစ်ပြီး တင်ပေးကာ နှမ်းလှော်များ မုန့်သားမှာ ကပ်စေရန် လက်ဝါးလေးနှင့် အသာအယာ ဖိပေးပါ
  24. ထိုနှမ်းလှော်ကပ်ပြီးသော မုန့်သားထဲမှာ အုန်းသီးစိတ်လေးတွေကို ပုံပါအတိုင်း ထည့်ပေးပြီး အသာလေး ဖိပေးပါ
  25. အုန်းသီးစိတ် ထည့်ပြီးတာနဲ့ အလယ်မှနေပြီး ခေါက်လိုက်ပါ
  26. နောက်ထပ်ကျန်နေသော မုန့်သားများကိုလဲ မိမိနှစ်သက်သလို အုန်းသီးစိတ်ကိုခင်းပြီး နှမ်းလှော်ကို အထဲမှ ထည့်ပေးကာ ခေါက်ပေးလို့လဲ ရပါတယ်
  27. မုန့်သားများ ကုန်တဲ့အထိ အထက်ပါနည်းများအတိုင်း လုပ်ပေးပါ
  28. အားလုံးပြီးတာနဲ့ ခေါပြင်စိမ့်စိမ့်လေးကို မိမိနှစ်သက်သလို ရေနွေးကြမ်း ကော်ဖီ လက်ဖက်ရည် ကျကျလေးတို့နှင့် တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment