အသားဟင်းတွေ ချက်ဖို့စဉ်းစားလိုက်တိုင်း ဘယ်လိုချက်ရမလဲလို့ တွေးမိတာက အရင်ဆုံးပါဘဲ ဆီပြန်ဆိုလဲ မစားချင် ပြုပ်ပြန်တော့လဲ မစားချင်နဲ့ နောက်ဆုံးတော့ ကြက်သားလုံးဘဲ ကြော်ဖြစ်သွားတဲ့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား အရိုးထွင်ပြီးသား - 300 g
- ကြက်သွန်ဖြူ ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
- ချင်း ထောင်းပြီးသား - ထမင်းစားဇွန်း တဇွန်း
- ကြက်သွန်နီ အလုံးကြီးကြီး - တလုံး
- ကြက်သွန်မိတ် လှီးပြီးသား - ထမင်းစားဇွန်း ၁၀ဇွန်းခန့်
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- အကြော်မှုန့် - ထမင်းစားဇွန်း မောက်မောက် တဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- ဆီ - လိုသလောက်
ပြင်ဆင်ပုံ
- ကြက်ပေါင်သားကို ရေဆေးပြီး ရေစစ်ကာ အရိုးအသား သပ်သပ်စီ ထွင်ပေးပါ
- အသားများကို ဓါးနှင့်ခပ်နုတ်နုတ် စဉ်းပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးပေးထားပါ
ကြော်ရန် ပြင်ဆင်ပုံ
- အားလုံးအဆင့်ဖြစ်တာနဲ့ဆီမှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ဇလုံတလုံးထဲထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
- အရသာ သမအောင် နယ်ပေးပြီးပါက အနေတော် အလုံးလေးများ လုံးပေးပါ
- လုံးပြီးတာနဲ့ ဇောက်နက်သော ဒယ်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားလုံးများကို တလုံးစီ ထည့်ပေးပါ
- ကြော်နေစဉ် ခနခနမွှေပေးစရာ မလိုဘဲ တဖက်ကျက်မှ နောက်တဖက်ကို လှန်ပေးပါ
- တလုံးလုံး ရွှေဝါရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပါ
- ဆီစစ်သွားတာနဲ့ နှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးပါ
- ချင်း ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းနံ့သင်ပျံ့နေတဲ့ ကြက်သားလုံးကြော် မွှေးမွှေးလေးကို ဆလတ်ရွက် လတ်လတ်ဆတ်ဆတ်လေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment