အသီးအရွက်လေးတွေ ဝယ်လာဖြစ်တိုင်း ဘယ်လိုလုပ်စားရမလဲ စဉ်းစားမိတိုင်း ကိုယ်စားနေကျအတိုင်း ချက်ရင်ချက် ပြုပ်ရင်ပြုပ် ကြော်ရင်ကြော် ဒီဝဲထဲမှာဘဲ ပါတ်ချာလည်နေတတ်ပေမဲ့ ဒီတခါတော့ ဂွေးသီးကို ဖျော်ရည်လုပ်သောက်ဖြစ်တဲ့အတွက် ဖျော်နည်းလေး မျှဝေလိုက်ပါတယ်။
ဂွေးချိုသီးလို့ဆိုပေမဲ့ အချဉ်ဓါတ်လေးတွေ ပါဝင်နေတဲ့အတွက် သောက်တဲ့အခါမှာ ချဉ်ချဉ်ငံငံလေးမို့လို့ အစာကျေလွယ်ပြီး လေလဲကြေတဲ့အတွက် ကျန်းမာရေးအတွက် သင့်တော်တဲ့ ဖျော်ရည်လေးမို့ လို့ ဂွေးသီးစိမ်းလေးများ အဆင်သင့်ရခဲ့ရင် ဖျော်သောက်ကြည့်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂွေးသီး - လေးလုံး
- ဆားငံစေ့ - ၃စေ့
- ရေ - ပုံမှန်ဖန်ခွက် တစ်ခွက်စာ
- အသီးအရွက် ကြိတ်သော ဗလင်ဒါ
- ဇကာခပ်စိတ်စိတ် - တခု
ပြင်ဆင်ပုံ
- ဂွေးသီးကို ရေဆေးပြီး အခွံခွာပြီး အစိတ်လေးတွေ စိတ်ထားပေးပါ
- ဆားငံစေ့ကို ပြင်ထားပါ
- ဗလင်ဒါထဲမှာ အခွံခွာထားသော ဂွေးသီးနှင့် ရေဖန်ခွက် တစ်ဝက်ကိုထည့်ပြီး ကြိတ်ပေးပါ
- ဂွေးသီးအသားများ ညက်လာတဲ့အထိ ကြိတ်ပေးပါ
- ညက်နေသော ဂွေးသီးအသားများကို ဇကာစိတ်စိတ်လေးထဲထည့်ပြီး အရည်စစ်ပေးပါ
- အရည်စစ်ပြီးပါက ဆားငံစေ့ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးပါ
- ဆားငံစေ့မှ ဆားငံရည်များ ပျော်လာပါက ဖန်ခွက်ပြည့်အောင် ရေထပ်ရောပေးပြီး အရသာသမအောင် မွှေပေးပြီးပါက ဂွေးသီးဖျော်ရည် ချဉ်ငံမွှေးလေးကို သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment