လတ်လတ်ဆတ်ဆတ် အရွက်ဟင်းတွေ ချက်ပြီးလေတိုင်း ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ အတွက် အသားမနှစ်သက်တဲ့သူတွေအတွက် မာမာပြင်ဆင်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကိုက်လံ - ၇ပင်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- နှမ်းဖြူ - ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
- ကိုက်လံကို အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင်ဆေး၍ ရေစစ်ထားပါ
- ဇောက်နက်သော အိုးတလုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူတာနဲ့ အိုးထဲကို အရွက်များထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- အရွက်များ နူးလာတဲ့အထိ ၅မိနစ်လောက် ပြုပ်ပေးပြီး ရေနွေးများသွန်ကာ အရွက်များကို ရေစစ်ပေးပါ
- ရေစစ်သွားသော အရွက်များကို ဟင်းပွဲပြင်မည့် ပန်းကန်ထဲမှာ သင့်သလို ထည့်ပေးထားပါ
အရွက်ပေါ် အရသာဆမ်းရန် ပြင်ဆင်ပုံ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
- ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
- ဆီအငွေ့ တက်လာတာနဲ့ မီးကိုအနည်းငယ်လျှော့ပေးပြီး ချင်းနှင့် ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ထည့်ကြော်ပါ
- ပြီးတာနဲ့ နှမ်းစေ့များကို ထည့်ကြော်ပေးပါ
- မိနစ်ဝက်ခန့် ကြော်ပြီးတာနဲ့ ခရုဆီ နှမ်းဆီ ပဲငံပြာရည်နှင့် ဆားတို့ကို ထည့်မွှေပါ
- နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရွက်များ ထည့်ထားသော ပန်းကန်ပေါ်မှာ ဆမ်းပေးပါ
- ပြီးတာနဲ့ ထမင်းပူပူလေးနှင့် စားသုံးရန် ကိုက်လန်ခရုဆီအရွက်ဟင်းကို ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment