ဒီနေ့တော့ အသားဟင်းတွေ မစားချင်တဲ့ ကိုယ့်အတွက် ကိုယ့်စိတ်ကြိုက် ပဲငပိချဉ်ငံစပ်လေး ချက်ဖြစ်လို့ တို့စရာ အစုံအလင်နဲ့ ပြင်ထားကာ ထမင်းမိန်မိန်စားနိုင်ဖို့ ပဲငပိချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပဲငပိ အငံ - ထမင်းစားဇွန်း ၅ဇွန်း
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၇ဇွန်းသာသာ
- ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း ၂ဇွန်း
- ကြက်သွန်နီ - အနေတော် တလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ဆီ - ထမင်းစားဇွန်း ၇ဇွန်းခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တ၀က်
- ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၁၀လုံး
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်မှုန့်နှင့် ပဲငပိကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ပါးပါးရိတ်ရိတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာထားပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီး အကြမ်းမှုန့်ကို ပြင်ထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
- ဆီကိုအပူပေးပြီး ဆီပူလာပါက နနွင်းမှုန့် အနည်းငယ်ထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ကြက်သွန်များ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးများကို နွမ်းကျေသွားအောင် ထည့်ချက်ပေးပါ
- ခရမ်းချဉ်သီးများ နွမ်းကျေပြီး အခွံများ လိပ်လာတာနဲ့ ငံပြာရည် ပဲငပိနှင့် ပုဇွန်ခြောက်မှုန့်တို့ထည့်မွှေပါ
- ခရမ်းချဉ်သီးမှ အရည်များ ထွက်လာပြီး ပွက်ပွက်ဆူနေချိန်မှာ အရသာကို မြည်ပြီး လိုသလိုပြင်ပေးပါ
- ခရမ်းချဉ်သီး အရည်များ ခမ်းလာပါက ငရုတ်သီးစိမ်းထည့်မွှေကာ မီးပိတ်ပေးပါ
- ပဲငပိက အငံဖြစ်တဲ့အတွက် အရသာအငံကို ချင့်ချိန်ပြီးမှ ထည့်ပေးပါ
- ပြီးတာနဲ့ မိမိနှစ်သက်ရာ တို့စရာအစုံအလင်နှင့် ပြင်ပေးကာ ထမင်းစားလို့ မိန်စေမဲ့ ပဲငပိ ချဉ်ငံစပ် ဟင်းမွှေးမွှေးလေး ရပါပြီ။
ငရုတ်သီး အစိမ်းမှူန့် နဲ့ ချက်လို့ ရပါသလား?
ReplyDeleteရပါတယ်ရှင့်
Delete