Saturday 9 February 2019

ဂုန်းချဉ်စပ် မွှေးမွှေးလေး




ဒီနေ့တော့ မာမာတို့ ငယ်ငယ်က အမေခနခန ချက်ကျွေးဖူးပြီး မြန်မာပြည်မှာ စားခဲ့ဘူးတဲ့ ဂုံးအရသာနဲ့ တစ်ထပ်ထဲကျတဲ့ ဂုံးလေးတွေ ဝယ်လာကာ ချဉ်ငံစပ် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂုံး - 350 g
  2. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခန့်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင် - နှစ်လက်မခန့်
  7. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း (ကုလားလေးမဆလာလဲ သုံးနိုင်)
  8. ငရုတ်သီးအရောင်တင်မှုန့် Sweet Paprika - ထမင်းစားဇွန်း တစ်ဇွန်း( ရိုးရိုးငရုတ်သီး အရောင်တင်မှုန့်လဲသုံးနိုင်)
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ကရဝေးရွက် - နှစ်ရွက်

ပြင်ဆင်ပုံ
  • ပြုပ်ပြီးအခွံခွာထားသော ဂုံေးကောင်လေးများကို အစာအိတ်များ ဖယ်ပေးကာ ရေစင်အောင်ဆေးပြီး သန့်စင်ပေးပါ
  • သန့်စင်ထားသော ဂုံးများကို အရသာမှုန့် ဆား ငံပြာရည်နှင့် နနွင်းမှုန့်တို့ထည့်ကာ ရောနယ်ထားပါ
  • မန်းကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးခွဲစာနှင့် စိမ်ထားပါ
  • ဆီ မဆလာနှင့် ကရဝေးရွက်တို့ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းထားပါ
  • မဆလာ ငရုတ်သီးအရောင်တင်မှုန့် ကရဝေးရွက်တို့ကိုအဆင်သင့် ပြင်ထားပါ
  • ဂုံးများကို ဆား ငံပြာရည် နနွင်းမှုန့်တို့ထည့်ပြီး အရသာ နယ်ထားပါ
  • အောက်ခြေမကပ်သော အိုးထဲမှာ ဆီကိုထည့်ပေးပါ ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း စပါးလင် ငရုတ်သီးထောင်း မဆလာ ကရဝေးရွက်တို့ကို မွှေးလာအောင် ဆီသတ်ပေးပါ
  • မဆလာနံ့ သင်းလာပါက အရသာ နယ်ထားသော ဂုံးများကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နေချိန် ဂုံးမှ ထွက်လာသော အရည်များ ခြောက်လာပြီး ဟင်းလုံးမိသွားပါက ရေမြုပ်အောင်ထည့်ပြီး ဂုံးအသား နူးအောင်ချက်ပေးပါ
  • မိမိစိတ်ကြိုက် ရတဲ့အချိန်မှာ ရေစိမ်ထားသော မကျည်းသီးမှည့်ဖျော်ရည်ကို အဖတ်များ မပါအောင် ရေစစ်ပြီးထည့်ပေးပါ
  • မကျည်းမှည့်ရည်များ ခမ်းလာသည်ထိ ဆီပြန်လာအောင် ချက်ပေးပါ
  •  ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ဂုံးချဉ်ငံစပ် မဆလာဟင်း မွှေးမွှေးလေးကို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment