Wednesday, 13 November 2019

ငှက်ပျောသီးမွှေကြော်









ငှက်ပျောသီးလေးတွေ ဝယ်လာပြီး ဒီေ့တော့ ငှက်ပျောသီးနဲ့ တန်ပူရာ မုန့်နှစ်တို့ကို ရောသမမွှေပြီး ကြော်ဖြစ်ပါတယ် ငှက်ပျောသီးက သဘာဝ ချိုပြီးသားမို့လို့ မာမာကတော့ အချိုအရသာ သကြားကို ထပ်ထဲ့မထားပါဘူး။

တစ်ကယ်လို့ အရမ်းချိုတာကို ကြိုက်ရင်တော့ သကြားကို သင့်သလို ထဲ့ပေးနိုင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငှပ်ပျောသီး မွှေကြော် ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငှက်ပျောသီး - ၁၀ လုံး
  2. တန်ပူရာမှုန့်  - တစ်ခွက်ခွဲ (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  3. ရေ - 200 ml
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ -  လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆား တန်ပူရာမှုန့်နှင့် ရေတို့ကို ရောပြီး အမှုန့်များ ကျေသွားအောင် ဖျော်ထားပေးပါ
  • ငှက်ပျောသီးကို အခွံနွာပြီး ကျေသွားတဲ့အထိ ချေထားပါ
  • ငှက်ပျောသီးများ ကျေသွားတာနဲ့ အရည် ဖျော်ထားသော မုန့်နှစ်ထဲမှာ သမသွားအောင် မွှေပေးပါ
  • ဒယ်အိုးထဲမှာ ဆီထဲ့ပြီး ဆီကိုမီးအနေတော်နှင့် အပူပေးပါ
  • ဆီပူလာပါက မုန့်နှစ်လူးထားသော ငှက်ပျောသီး မုန့်နှစ်ကို ထမင်းစားဇွန်း ဇွန်းရှည်ဖြင့် တစ်ဇွန်းခပ်ပြီး ဆီပူထဲ ထဲ့ပေးပါ
  • အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာချိုချိုနဲ့ကောင်းလွန်းတဲ့ ငှက်ပျောမွှေကြော် မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

Sunday, 10 November 2019

ငါးပေါင်း ဟင်းထုတ်












ဒီနေ့တော့ အိမ်ကကြက်သွန်မိတ်ပင်တွေ မခူးတာကြာနေပြီး အပင်တွေ အရမ်းသန်နေတာ  တွေ့တာနဲ့ ဘာလုပ်စားရင် ကောင်းမလဲလို့ စဉ်းစားမိချိန်မှာ စိတ်ထဲမှာ ဟင်းထုတ်လေး လုပ်စားချင်စိတ် ပေါ်လာခဲ့ပါတယ်။

ထမင်းမစားချင်တဲ့ အခါမျိုးမှာ အခုလို ဟင်းထုတ်လေးတွေ လုပ်စားရတာလဲ ခံတွင်းလိုက်စေတာပါဘဲ ချိုချဉ်ငံစပ် အရသာ အကုန်ပါတဲ့အတွက် ဟင်းထုတ်တစ်ထုတ်ဆို ဆိုလောက်လောက်ကို အရသာ ရှိလွန်းတဲ့အတွက် ရှမ်းရိုးရာ ဟင်းထုတ်တစ်မျိုးကို အခြေခံကာ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ငါးပေါင်း ဟင်းထုတ် ထုတ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ကြက်သွန်မိတ်ပင် - 400 g
  2. ဆန်မှုန့် - 100 g
  3. ကောက်ညှင်းမှုန့် - 25 g
  4. ငါး အသားလွှာ - 150 g
  5. ရေ - 150 ml
  6. ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ချင်း - လက်တစ်ဆစ် သာသာ
  10. ကြက်သွန်ုဖြူ - အမွှာကြီးကြီး ၃မွှာ
  11. ဆီ - ထမင်းစားဇွန်း ၃ဇွန်း (အရသာစပ်ရန်)
  12. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ငှက်ပျောရွက်ကို သုတ်ရန်)
  13. နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  14. ကြက်သွန်ဖြူဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  15. ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
  16. ငရုတ်သီးတောင့်ကြော် - စားနိုင်သလောက်
  17. ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး 
  18. ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
အသုံးပြုမည့်ဖက် ပြင်ဆင်ရန်
  • ငှက်ပျောရွက်ကိုသုံးလျှင် ခန့်မှန်းခြေ အနံ ၈လက်မ အလျှား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
  • မုန့်ထုတ်ကာနီးပါက ရေစင်အောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
  • အဝတ်စနှင့် သုတ်ပေးပြီးတာနဲ့ ငှက်ပျောရွက်များကို ဆီနှင့် သုတ်ပေးထားပါ
    ပြင်ဆင်ပုံ

    1. ငါးကိုရေစင်အောင်ဆေးပြီး အရိုးထုတ်ကာ အသားလွှာထားပါ
    2. ကြက်သွန်မိတ်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
    3. ရေစစ်သွားတာနဲ့ လက်နှစ်ဆစ်ခန့် အနေလေးတွေ လှီးထားပါ
    4. ဆန်မှုန့်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    5. ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
    6. ငရုတ်သီး အကြမ်းမှုန့် ဆီချက်ကို ချက်ထားပါ
    7. နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
    8. ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
    9. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
    10. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်တို့ကို ထဲ့ပေးပြီး ရေနှင့်ပျော်သွားအောင် ဖျော်ထားပါ
    11. ဆန်မှုန့်များ ပျော်သွားတာနဲ့ နှစ်နာရီခန့် နှပ်ထားပေးပါ
    12. ဆန်နှစ်နှပ်ထားချိန် ပြည့်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
    13. အရသာ သမအောင် နယ်ပြီးတာနဲ့ သန့်စင်ထားသော ငှက်ပျောရွက်ကို နှစ်ထပ်ထပ်ပေးပါ
    14. ထိုငှက်ပျောရွက်ထဲမှာ အရသာနယ်ထားသော မုန့်နှစ်ကို ထမင်းစားဇွန်း သုံးဇွန်းလောက် ထဲ့ပေးပါ
    15. ထိုအပေါ်မှ ငါးအသားလွှာ နှစ်တုံးကို တင်ပေးပါ
    16. ငါးအပေါ်မှ ဆန်နှစ် ထမင်းစားဇွန်း တစ်ဇွန်းကို အုပ်ပြီးတင်ပေးပါ
    17. ပြီးတာနဲ့ ငှက်ပျောရွက်ကို အထဲမှ ဆန်နှစ်များ မထွက်အောင် လုံနေအောင် ထုတ်ပေးပါ
    18. အထုတ်ခပ်ကြီးကြီး သုံးထုတ်စာ ရအောင်ထုတ်ပြီး ပေါင်းခံဇကာထဲမှာ အထုတ်များ ပြည်မထွက်ရအောင် မှောက်ပြီး  ထည့်ပေးပါ
    19. ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ထည့်ပေးကာ ပေါင်းခံခုံ အပေါ်မှာ ဇကာကို တင်ပေးပါ
    20. ပြီးတာနဲ့ အိုးအဖုံးကို အုပ်ပေးကာ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးကာ မိနစ်နှစ်ဆယ် ခလုတ်ကို နှိပ်ပေးပါ
    21. ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အိုးအဖုံးကို မဖွင့်ခင် အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အဖုံးကို ဖွင့်ပေးပါ
    22. အိုးအပြင် ထုတ်ပေးပြီးတာနဲ့ ငါးဟင်းပေါင်း မွှေးမွှေးလေးရပါပြီ
    23. အစပ်စားသူတို့အတွက် ငရုတ်သီးကြော် ငရုတ်သီးတောင့်ကြော်တို့နဲ့ ပြင်ပေးပါ
    24. အစပ်မစားပါက ကြက်သွန်ဖြူဆီချက်နှင့် ပြင်ပေးပါ
    25. ဟင်းထုတ်ပူပူလေးကို  နံနံပင် ကြက်သွန်ဖြူဆီချက် ငရုတ်သီးဆီချက်တို့နှင့် တွဲဖက်ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

    Saturday, 9 November 2019

    အုန်းသီးသကြား မုန့်ဖက်ထုတ်













    ဒီနေ့တော့ နေ့လည်ဖန့ခင်း ဘာမုန့်လေး လုပ်စားရင် ကောင်းမလဲလို့ စဉ်းစားရင်းက အုန်းသီးသကြား မုန့်ဖက်ထုတ်လေး စားချင်တာနဲ့ ထုတ်ဖြစ်သွားပါတယ်။ ငှက်ပျောရွက် လတ်လတ်ဆတ်ဆတ်လေးတွေ ရရင်တော့ ထုတ်ရတာ ပိုပြီးအဆင်ပြေပါတယ်။

    မာမာတို့ဆီမှာတော့ ငှက်ပျောရွက်က လတ်လတ်ဆတ်ဆတ် မရဘဲ ခဲထားတာတွေဘဲ ရတဲ့အတွက် ကိုင်ရတွယ်ရတာလဲ တော်တော် သတိထားရပါတယ် ခဲထားတဲ့ အရွက်တွေက ပိုပြီးညစ်ပါတ်တယ်လို့ ထင်ရတဲ့အတွက် ရေကိုလဲ သတိထားပြီး စင်အောင်ဆေးရပါတယ်။

    မုန့်ထုတ်တဲ့ နေရာမှာလဲ အရွက်တစ်ထပ်ဆို ကွဲထွက်လွယ်တဲ့အတွက် မိမိအဆင်ပြေသလို အရွက်ကို နှစ်ထပ်သုံးထပ် ထပ်ပေးပြီးမှ ထုတ်ပေးစေချင်ပါတယ် အဓိက ကတော့ မုန့်သားကို လုံအောင် ထုတ်ပေးဖို့ကသာ အဓိကပါဘဲ ပြီးမှ မလိုတဲ့ အစကို ကပ်ကျေးနဲ့ ညှပ်ထုတ်ပေးပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထုတ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ

    1. ကောက်ညှင်းဆန်မှုန့် - ထမင်းပေါင်းအို ဆန်ချင်ဗူး ၄ဗူး
    2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
    3. Ready made အုန်းသီးမှုန့် အခြောက် - ၂၂၀ဂရမ်
    4. အုန်းသီးမှုန့်မရှိပါက အုန်းသီးအစို - တစ်လုံးကို ခြစ်ပေးပါ
    5. သကြား - ထမင်းစားဇွန် ၅ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
    6. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
    7. ဆီ - အနည်းငယ်
    8. ငှက်ပျောရွက် - လိုသလောက်
    9. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး - ၂ဗူး သာသာ ( မုန့်သားစပ်ရန်)
    10. ရေ ထမင်းစားဇွန်း - လေးဇွန်း (အုန်းယိုထိုးရန်)

    ပြင်ဆင်ပုံ
    အသုံးပြုမည့်ဖက် ပြင်ဆင်ရန်
    • ငှက်ပျောရွက်ကိုသုံးလျှင် ခန့်မှန်းခြေ အနံ ၈လက်မ အလျှား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
    • မုန့်ထုတ်ကာနီးပါက ရေစင်အောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
    • အဝတ်စနှင့် သုတ်ပေးပြီးတာနဲ့ ငှက်ပျောရွက်များကို ဆီနှင့် သုတ်ပေးထားပါ
    မုန့်သားစပ်ပုံ
    • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရေနည်းနည်းခြင်းထည့်ကာ မုန့်သားပျော့လာတဲ့အထိ နယ်ပေးပါ
    • အသုံးပြုသော ဆန်မှုန့် ကောက်ညှင်းမှုန့်များ မတူနိုင်တဲ့အတွက် ရေကို နည်းနည်းခြင်း ထည့်ပြီးမှ နယ်ပေးပြီး လိုတိုးပိုလျှော့ လုပ်ပေးပါ
    • မုန့်သား အနေတော် ရပြီဆိုတာနဲ့ အခန်းအပူချိန်အတိုင်း ခနနှပ်ထားပေးပါ
    အုန်းယိုထိုးရန်
    • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေး၍ အုန်းသီးမှုန့် ဆား သကြားနှင့်ရေ ထမင်းစားဇွန်း လေးဇွန်းလောက်ထည့်ပြီး သကြားပျော်အောင် ဆက်တိုက်မွှေပြီး လှော်လိုက်ပါ
    • သကြားပျော်ပြီး အုန်းသီးအညိုရောင်လေး နည်းနည်းသန်းလာတာနဲ့ မီးပိတ်ပါ
    • အုန်းယို တော်တော်လေး နွေးနေပြီး အရမ်းမအေးခင်မှာ ကွမ်းသီးဆံ အလုံးလောက်လေးတွေ  လုံးပေးပါ
    • အေးသွားလျှင် သကြားများခဲပြီး လုံး၍မရတော့ပါ
    • ready made အုန်းသီးခြစ်ပြီးသား မရှိပါက အုန်းသီးတလုံးကို ခြစ်ပြီး အသုံးပြုနိုင်ပါတယ်
    မုန့်လုံးအစာသွပ်ပုံ
    • အားလုံးအဆင်သင့်ဖြစ်တာနဲ့ မုန့်သားကို ကွမ်းသီးလုံးလောက် အနေတော်ဖဲ့ယူပြီး လုံးပေးပါ
    • တစ်လုံးစာ ဖဲ့ထားသော မုန့်သားကို မုန့်သားညက်အောင် လက်နှင့်ဆုတ်ပေးပြီး အရင်ဆုံး ၁၀လုံးစာရအောင် လုံးပေးပါ
    • မုန့်အလုံးလေး ရပြီဆိုမှ မုန့်လုံးကို အလယ်အခွက်လေး ဖြစ်အောင် လက်မနှင့် ဖိပြီး ချိုင့်လေး လုပ်ပေးပါ
    • အချိုင့်လေး ရပြီဆိုမှ အုန်းယိုထည့်ပြီး မုန့်ဧ။်ဘေးသားကို အသာလေးယူပြီး လုံအောင် ပြန်ပိတ်ပြီး လက်နှစ်ဖက်ကြားထည့်၍ လုံးသွားအောင် လုံးပေးပါ
    • ထိုနည်းအတိုင်း မုန့်လုံး လုံးထားသော မုန့်သားကုန်အောင် အစာသွပ်ပေးပါ
    ဖက်ထုတ်ပုံ
    • ရေစိမ်ပြီး ရေခြောက်အောင် သုတ်ကာ ဆီနှင့်သုတ်ထားသော ငှက်ပျောရွက်ကို နှစ်ထပ်ထပ်ကာ ကတော့ပုံ ထိုးပေးပါ
    • ဇလုံခပ်သေးသေး တစ်လုံးထဲမှာ ဆီအနည်းငယ် ထဲ့ပေးထားပါ
    • အစာသွပ်ပြီး လုံးထားသော မုန့်သားကို ဆီဇလုံထဲမှာ ခနလေး နှစ်ပေးပါ
    • ကန်တော့ပုံ ထိုးထားသော ငှက်ပျောရွက်ထဲမှာ လုံးထားသော မုန့်လုံးကိုထည့်ပြီး လုံအောင်ပိတ်ပေးကာ ပိုနေသောအစကို ကပ်ကြေးဖြင့် ညှပ်ပေးပါ
    • မုန့်သားအားလုံး ထုတ်ပြီးတာနဲ့ ပေါင်းအိုးထဲမှာ မှောက်ရက်ပုံစံ စီပြီးထည့်ပေးပါ
    • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပေါင်းခံခုံကို ထဲ့ပေးပါ
    • ထိုပေါင်းခံခုံပေါ်မှာ မုတ်ဖက်ထုတ် ထဲ့ထားသော ပေါင်းခံဇကာကို တင်ကာ အိုးအဖုံး အုပ်ပေးပါ
    • ပေါင်းမည့် ခလုတ်နှင့် မိနစ်နှစ်ဆယ် ခလုတ်ကို နှိပ်ပြီး မီးဖွင့်ပေးကာ အဖုံးအုပ်ပြီး မိနစ်နှစ်ဆယ် ပေါင်းပေးပါ
    • ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အုန်းသီးသကြား မုန့်ဖက်ထုတ် ပူပူလေး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

    Friday, 8 November 2019

    ဒူးရင်းသီး အုန်းနို့ကောက်ညှင်းထုတ်




















    ဒီနေ့တော့ ဒူးရင်းသီး အုန်းနို့ ကောက်ညှင်းထုပ်လေးတွေ ထုတ်စားဖြစ်ပါတယ် အုန်းနို့အနံ့ လေး သင်းနေပြီး စေးထမ်းထမ်း ချိုစိမ့်စိမ့်လေးနဲ့ အရမ်းကို စားလို့ကောင်းပါတယ်။

    ငှက်ပျောရွက်နဲ့ ထုတ်တဲ့အတွက် ငှက်ပျောရွက်ကိုတော့ သေသေချာချာ ဆေးစေချင်ပါတယ် ငှက်ပျောရွက်မှာ ကပ်နေတတ်တဲ့ ဖုံတွေ ငှက်ချေးတွေ ကပ်နေတတ်ပါတယ် နောက်တစ်ခုက ခဲထားတဲ့ ငှက်ပျောရွက်တွေဆိုရင် ပိုပြီးသတိထားပြီး ဆေးပေးပါ။

    မာမာတို့ဆီမှာ ငှက်ပျောရွက်က လတ်လတ်ဆတ်ဆတ် မရလေတော့ ခဲထားတာကိုဘဲ သုံးရပါတယ် ခဲထားတဲ့ အထုတ်ကို ဖြေလိုက်တာနဲ့ ရွှံ့ လိုမဲမဲ အဖတ်တွေ ကိုင်မိတဲ့အတွက် ရေကို၈ထပ်လောက် ဆေးရပါတယ် ရေဆေးပြီးပြန်တော့ တစ်ခါသုံး အဝတ်စနဲ့ သေသေချာချာ သုတ်ပေးပြီးမှ သုံးပေးတာ အကောင်းဆုံးပါဘဲ။

    နောက်တစ်ခုက ခဲထားတဲ့ အရွက်တွေကို သုံးထားတဲ့အတွက် အရွက်တွေက စုတ်ပျဲလွယ်ပါတယ် ထိလိုက်တာနဲ့ ကွဲထွက်သွားတတ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း မကိုင်ဖို့လဲ သတိပေးပါရစေ။

    ကောက်ညှင်းထုတ်ဖို့ အရွက်ကို ပိုင်းဖြတ်တဲ့ နေရာမှာလဲ အတိအကျ ပိုင်းဖြတ်လို့ မရပြန်ပါဘူး မိမိအဆင်ပြေသလို ကောင်းတဲ့နေရလြေးတွေကို ရွေးပြီးပိုင်းဖြတ်ပေးပါ။

    ကောက်ညှင်းထုတ်တော့မယ် ဆိုရင်လဲ အရွက်တစ်ထဲဆိုရင် ကွဲထွက်သွားတတ်တဲ့အတွက် အရွက်ကို နှစ်ထပ်သုံးထပ်လောက် ထပ်ပေးပြီးမှ ထုတ်ပေးပါလို့ အကြံပေးရင်း မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ (ငါးဖူးစာ)

    1. ကောက်ညင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
    2. ဒူးရင်းသီး - ၅မွှာ
    3. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း မောက်မောက် (အချိုကြိုက်ပါက ပိုထည့်ပါ)
    4. အုန်းနို့ - 300 ml
    5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
    6. အုန်းသီးဖတ် - မိမိနှစ်သက်သလောက် သုံးပေးပါ
    7. ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ

    ပြင်ဆင်ပုံ
    • ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ပြီး တစ်ညအိပ် ရေစိမ်ထားပါ 
    • နောက်နေ့မနက်မှာ တစ်ညအိပ် ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေတစ်ထပ်ဆေးပြီး ဇကာထဲလောင်းထည့်ကာ ရေစစ်ထားပါ
    • ဇောက်နက်ပြီး မကပ်သော အိုးအနေတော် တစ်လုံးထဲမှာ အုန်းနို့ ဆားနှင့် သကြားကို အပူပေးပြီး သကြား ပျော်သွားအောင် တည်ပေးထားပါ
    • ဆားနှင့်သကြား ပျော်သွားစေရန် မကြာ မကြာ မွှေမွှေပေးပါ
    • ဆားနှင့်သကြား ပျော်သွားပါက ရေစစ်ထားသော ကောက်ညှင်းများကိုထည့်ပြီး မွှေပေးပါ
    • အိုးမကပ်အောင် မကြာခဏ မွှေကာ အုန်းနို့များ ခမ်းသွားသည်အထိ တည်ထားပါ
    • ကောက်ညှင်းသား လှစေရန် ကောက်ညှင်းဆန်ကို ခပ်ဖြေးဖြေးဘဲ မွှေပေးပါ
    • ပြီးတာနဲ့ မီးဖိုမှဖယ်ကာ အအေးခံထားပါ
    • ငှက်ပျောရွက်များအား အနေတော် ပိုင်းဖြတ်ပေးပြီး ရေစင်အောင် ဆေးပေးပါ
    • လတ်လတ်ဆတ်ဆတ် ငှက်ပျောရွက် သုံးပါက ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး အနည်းငယ်ပျော့သွားအောင် microwave ထဲ ၁ မိနစ် (သို့) ၁ မိနစ်ခွဲခန့်ထည့်ပါ
    • Microwave မရှိပါက  အနည်းငယ် နွမ်းသွားစေရန် နေပူပူမှာ တစ်နာရီလောက် နေလှန်းပေးပါ
    • နေမပူပါက မီးဖိုပေါ်မှာ မီးအပူရှိန် ခပ်ဝေးဝေးမှာထားပြီး အနည်းငယ် နွမ်းသွားအောင် ကင်ပေးပါ
    • မီးကင်ခြင်း နေပူလှန်းခြင်း မိုက်ခရိုဝေ့ မီးဖိုထဲမှာ အပူပြထားသော ငှက်ပျောရွက်များကို ကောက်ညှင်းမထုတ်ခင် ရေစင်အောင် ဆေးပေးပြီး တစ်ခါသုံး အဝတ်စလေးများဖြင့် သန့်ရှင်းသွားအောင် လိုက်သုတ်ပေးထားပါ
    • မာမာကတော့ ငှက်ပျောရွက် လတ်လတ်ဆတ်ဆတ် မရတဲ့အတွက် ခဲထားတဲ့ အရွက်များကို သုံးထားပါတယ်
    • ခဲထားတဲ့ အရွက်များက အင်မတန်မှ ညစ်ပါတ်ပါတယ် ဒါကြောင့်မို့ ရေစင်အောင်ဆေးပြီး အဝတ်စနှင့် သေသေချာချာ သုတ်ပေးပြီးမှ သုံးပါ
    • ဒူးရင်းသီးကိုအစေ့ဖယ်ပြီး အနေအထားအတိုင်း တစ်ဝက်ပိုင်းပေးထားပါ
    • အဆင်သင့် ဖြစ်တာနဲ့ ငှက်ပျောရွက်ထဲသို့ ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်း မောက်မောက် ကို အနည်းငယ် ဖြန့်ပြီးထည့်ပေးပါ
    • ထိုကောက်ညှင်းပေါ်မှာ ဒူးရင်းသီး တစ်ခြမ်းကို တင်ပေးပါ
    • ဒူးရင်းသီး အပေါ်မှာ နောက်ထပ် ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်းကို ဖြန့်ပြီးတင်ပေးပါ 
    • ပြီးတာနဲ့ ဘေးနှစ်ဘက်မှ တစ်စဆီယူကာ ကောက်ညှင်းအပေါ်မှာ အုပ်ပေးပါ 
    • ဘေးနှစ်ဖက် အုပ်ပြီးတာနဲ့ အောက်ဖက်မှ ငှက်ပျောရွက်ကို အပေါ်ဖက်ကို ခေါက်တင်ပေးပါ
    • ပြီးတာနဲ့ အပေါ်ဖက်မှ အရွက်စကို ထပ်အုပ်ပေးပါ
    • ငှက်ပျောရွက်က ရှည်နေပါက အနားသားများကို ထုတ်လို့ ရရုံဘဲထားပြီး ကပ်ကြေးနှင့် ညှပ်ထုတ်ပေးပါ
    • ၈ ထုပ်လုံးကို အထက်ပါ နည်းအတိုင်း ကောက်ညှင်းဆန်များ ကုန်အောင် ထုတ်ပေးပါ
    • တစ်ထုတ် ထုတ်ပြီးတိုင်း အထုတ်ကို မှောက်ပြီး ဗန်းထဲမှာ ထည့်ထားပေးပါ
    • အားလုံးထုတ်ပြီးတာနဲ့ အထုတ်နှစ်ထုတ်ကိုပူးပြီး ကြိုးနှင့်ခပ်တင်းတင်း ချည်ပေးပါ
    • မုန့်ထုတ်များ အားလုံးခြည်ပြီးတာနဲ့ ပေါင်းမည့်ဇကာထဲ စီပြီးထည့်ပေးပါ
    • ပေါင်းအိုးထဲကို ပေါင်းခံခုံ မထိအောင်ရေထည့်ပေးပါ
    • ရေထည့်ပြီးတာနဲ့ ပေါင်းခံဇကာကို တင်ပေးပြီး အိုးအဖုံး အုပ်ပေးပါ
    • ပြီးတာနဲ့ ပေါင်းအိုးရဲ့  steam ခလုတ်ကို နှိပ်ကာ မိနစ်နှစ်ဆယ်ကို နှိပ်ပေးပြီး ပေါင်းပေးပါ
    • မိနစ်နှစ်ဆယ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
    • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ဒူးရင်းသီးအုန်းနို့ ကောက်ညှင်းထုတ် မွှေးမွှေး အိအိလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။