Monday, 8 July 2019

ဆိတ်အူကြမ်းဟင်း





ဒီတခါတော့  ဗီယက်နမ်ဈေးက ဝယ်လာတဲ့ ဆိတ်အူကို ငရုတ်သီး ခပ်စပ်စပ်လေးနဲ့ ချက်ထားပြီး မဆလာ နိုင်နိုင်လေးနဲ့ လုံးချက်လေး ချက်ထားပါတယ်။

 အဓိကကတော့ စိတ်အူဟင်းချက်ရင် ငံပြာရည် မထဲ့ဖို့တော့ သတိထားစေချင်ပါတယ် ငံပြာရည်ထဲ့ချက်ရင် အညှီနံ့ကို မထိမ်းတဲ့အပြင် ငံပြာရည်နံ့က ပိုပြီးထွက်စေပါတယ် ဒါကြောင့်မို့လို့ စိတ်အူဟင်းလေးကို ဆားလေးနဲ့ အရသာနယ်ပြီး စပါးလင်ထုထောင်းထဲ့ကာ ချက်ထားပါတယ်။

ဟင်းအိုးကျက်တယ် ဆိုရင်ဘဲ အရမ်းကို မွှေးပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာချက်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူ - 1 kg 
  2. ကြက်သွန်နီ- အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - သုံးမွှာ 
  4. ချင်း - လက်တစ်ဆစ်  
  5. စပါးလင် - တစ်ပင်
  6. နနွင်းမှုန့် - အနည်းငယ်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - လက်ဖက်ရည်ပန်းကန်လုံး - တစ်ဝက်
ပြင်ဆင်ပုံ

  1. ဆိတ်အူကို ရေစင်အောင်ဆေးပြီး တလက်မလောက် အတုံးလေးများ တုံးပေးထားပါ။
  2. ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ။
  3. စပါးလင်ကို အပင်လိုက် ရေဆေးပြီး အရင်းပိုင်းကို လပ်ပါးပါးလှီးထားပါ။
  4. စပါးလင် အဖျားပိုင်း အရွက်များကို အနည်းငယ် ပွတ်ချေပြီး ထုံးထားပါ။
  5. အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီး အရောင်တင်မှုန့်နှင့်အတူ စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ထည့်ပြီး ညက်နေအောင် ထောင်းပေးပါ။
  6. ဆိတ်အူများကို ဇလုံတလုံးထဲထည့်ပြီး ငရုတ်သီးထောင်း မဆလာ နနွင်မှုန့်း ဆား အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာဝင်အောင် ၁၀မိနစ်လောက် နှပ်ထားပါ။
  7. အားလုံးအဆင်သင့်ဖြစ်ပြီဆို ဇောက်နက်သော အိုးထဲမှာ အရသာနယ်ထားသော ဆိတ်အူ စပါးလင်ရွက်ထုံး ဆီနှင့် ရေအနည်းငယ်တို့ကိုထည့်ပြီး လုံးချက်ချက်ပေးပါ။ 
  8. ဆိတ်အူများ ရေပွက်ပွက် ဆူလာပြီးမာတင်းလာမှ တချက်လောက် မွှေပေးပြီး ရေမြုပ်အောင်ထည့်ကာ တည်ပေးပါ။
  9. ပထမ တရည်ခမ်းပြီး နူးမနူး မြည်းကြည့်ပေးပါ
  10. မနူးသေးပါက နောက်ထပ်တရည် အူများကို ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ။
  11. ဆိတ်အူများ ရေမခမ်းသေးခင် အရသာမြည်းပေးပြီး လိုသလို ပြင်ပေးပါ။
  12. ရေခမ်းပြီး ဆီပြန်တာနဲ့ ဆိတ်အူဆီပြန်ဟင်း မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

Tuesday, 2 July 2019

ဂဏန်းမဆလာဟင်း











ဒီတခါတော့ ဂဏန်းလေးတွေကို ချဉ်ငံစပ်ပြီး မဆလာနံ့ မွှေးနေတဲ့ အရသာလေးရအောင် ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဂဏန်း - အကောင်ကြီးကြီး သုံးကောင်
  2. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်
  3. ငရုတ်သီး အစပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ချင်းတက် - လက်တဆစ်စာ
  7. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  10. မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  11. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၇ဇွန်း


ပြင်ဆင်ပုံ



  1. ဂဏန်းကို ပုံပါအတိုင်း မလိုတာတွေ ဖယ်ပေးပြီး ရေဆေးပေးကာ မိမိနှစ်သက်သလို ပိုင်းထားပေးပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခံခွာပြီး ရေဆေးကာ ငရုတ်သီးအစပ်မှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့နှင့် ညက်နေအောင် ရောထောင်းပေးပါ
  3. ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  4. ဇလုံတလုံးထဲမှာ ဂဏန်း ဆား အရသာမှုန့် နှင့် ငံပြာရည်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  5. အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းနှင့် မဆလာတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  7. ဆီသတ်နံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းကို ထည့်မွှေပေးပါ
  8. အရသာ သမသွားတာနဲ့ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  9. ရေ ပွက်ပွက်ဆူလာပြီး ပထတရည် မခမ်းတခမ်း အချိန်အထိ တည်ပေးပါ
  10. ရေမခမ်းခင် အချိန်မှာ နောက်ထပ်တရည် ဂဏန်းမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  11. ရေပွက်ပွက် ဆူလာတာနဲ့ မကျည်းသီးအနှစ်နှင့် ပဲငံပြာရည်တို့ထည့်ကာ ဆက်တည်ပေးပါ
  12. ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  13. ရေမခမ်းခင် မီးပိတ်ပေးပြီး ဂဏန်းမဆလာ ချဉ်ငံစပ်မွှေးလေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

Thursday, 27 June 2019

Chicken popcorn












ဒီတခါတော့ နေ့လည်နေ့ခင်း အပျင်းပြေ ရေနွေးကြမ်းလေးနဲ့ စားရအောင် chicken popcorn လေးတွေ ကြော်ဖြစ်ပြီး စားလို့အရမ်းကောင်းလွန်းလို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 350 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  4. နံနံပင်အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. တရုတ်နံနံ အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကြက်သွန်ဖြူ ထောင်းပြီးသား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. mustardအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နွားနို့ - 1 cup
  11. ဂျုံမှုန့် = 1 cup
  12. ဆီ - လိုသလောက်သုံးပါ
ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ရေစစ်ထားပါ
  2. ရေစစ်သွားတာနဲ့ ပုံမှာပြထားတဲ့အတိုင်း ညက်ညှိုးလောက် အနေအထား အရှည်လိုက် လှီးပေးပါ
  3. အရှည်လိုက် လှီးထားသော ကြက်သားတုံးကို လက်တစ်ဆစ် သာသာလေးတွေ လှီးပေးပါ
  4. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  6. နွားနီု့ကို ဇလုံထဲမှာ ထည့်ထားပေးပါ
  7. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား ငရုတ်ကောင်းမှုန့် ကြက်သားမှုန့် ချင်းမှုန့် mustard အမှုန့် တရုတ်နံနံအရွက်ခြောက် နံနံပင်အရွက်ခြောက်နှင့် ကြက်သွန်ဖြူထောင်းတို့ကို ရောပြီးထည့်ပေးကာ အရသာ သမအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  8. အရသာ သမသွားတာနဲ့ နွားနို့ထဲမှာ စိမ်ပေးပြီး cling wrap နှင့်လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့အကန့်ထဲမှာ နှစ်နာရီလောက် ထားပေးပါ
  9. ဂျုံမှုန့်ကို ပန်းကန်တခုထဲမှာ ပြင်ထားပါ
  10. ကြက်သားနှပ်ထားချိန် ပြည့်တာနဲ့ နွားနို့ထဲမှ ကြက်သားတုံးလေးများကို အရည်စစ်ပြီး ဆယ်ပေးကာ ဂျုံမှုန့် ပန်းကန်ထဲမှာ နည်းနည်းချင်း ထည့်ပေးပြီး ခပ်ဖွဖွ လူးပေးပါ
  11. ကြက်သားအားလုံး ဂျုံမှုန့်လူးပြီးပါက ကြော်ရန်ပြင်ဆင်နိုင်ပါပြီ
  12. ဒယ်အိုးထဲမှာ ဆီခပ်များများထည့်ပြီး အပူပေးပါ
  13. ဆီပူလာပါက မီးကို အနေတော်လောက် လျှော့ပေးပါ
  14. ပြီးတာနဲ့ ကြက်သားတုံးလေးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  15. အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  16. ကြွတ်ရွလာပြီး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  17. ဆီစစ်သွားတာနဲ့ မွှေးကြိုင်နေပြီး စားလို့အရမ်းကောင်းတဲ့ chicken popcorn လေးတွေကို စားပွဲပြင်ပေးနိုင်ပါပြီ။

Wednesday, 26 June 2019

ဂဏန်း ကော်ကြော်



ဒီနေ့တော့ ရာသီဥတုကလဲ အရမ်းအေးတယ် ဘာလုပ်စားကြရင် ကောင်းမလဲလို့ စဉ်းစားမိရင်းက ဂဏန်းကော်ကြော်လေး စားချင်စိတ် ပေါက်သွားပါတယ်။

ဒါနဲ့ဘဲ ဂဏန်းသားလေးတွေနဲ့ ကော်ကြော်လေး ကြော်ဖြစ်သွားလို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကော်မှုန့်  (Tapioca Starch / Corn Starch ) - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  • အာလူးမှုန့် ( Potato Starch ) - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  • ဂဏန်းသား - တစ်ဆယ်သား
  • ကြက်ဥ - တစ်လုံး
  • တရုတ်မဆလာ - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ကြက်သွန်မိတ် - သုံးပင်
  • မုန်လာဥနီ - တစ်ဥ 
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
ပြင်ဆင်ပုံ

  • ဂဏန်းကို ရေဆေးပြီး အခွံခွာကာ အသားများယူပြီးး နုတ်နုတ်စင်းပေးပါ
  • ဇလုံတလုံးထဲမှာ စင်းထားသော ဂဏန်းသား တရုတ်မဆလာ ပဲငံပြာရည်အကျဲနှင့် ဆား တို့ကိုထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • မုန်လာဥနီကို အခွံခွာပြီး ခပ်သေးသေးလေးတွေ တုံးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကော်မှုန့်ကို ရေနှင့်ဖျော်ထားပေးပါ
  • ကြက်ဥကို ခလောက်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ချင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းအသားများကို ထည့်ပြီးမွှေပေးပါ
  • ဂဏန်းအသားများ လုံးခဲမသွားရအောင် သစ်သားယောင်းမနှင့် ဖိဖိပြီး ချေချပေးပါ
  • ဂဏန်းအသားများ ကျက်လောက်တာနဲ့ မုန်လာဥနီနှင့် ကြက်သွန်မိတ်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင် မွှေပေးပါ
  • ဖျော်ထားတဲ့ ကော်ရည်ကို သမအောင်ပြန်မွှေပြီး အိုးထဲကို လောင်းထည့်ပေးပါ
  • ကော်ရည်ထည့်ပြီးတာနဲ့ အိုးမကပ်စေရန် မွှေမွှေပေးပါ
  • မွှေနေရင်းကနေ ကော်ရည်များ အရောင်ကြည်ကြည်လေး ဖြစ်လာတာနဲ့ ခလောက်ထားတဲ့ ကြက်ဥကို ထည့်မွှေပြီး သမအောင် မွှေပေးပါ
  • ကြက်ဥများ အဖတ်လေးတွေ ဖြစ်လာပြီး ကျက်လာပြီဆိုတာနဲ့ အရသာ အရမ်းရှိတဲ့ ကော်အပျော့ကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပေးကာ စားပွဲပြင်ပေးနိုင်ပါပြီ။

Sunday, 23 June 2019

chicken nuggets
















ဒိနေ့တော့ chicken nuggets လုပ်နည်းမေးထားသူတွေအတွက် တင်ပေးလိုက်ပါတယ် စားရတာ လွယ်သလောက် ပြင်ရဆင်ရတာတော့ တော်တော်လေး လက်ဝင်တယ်လို့ ထင်ရပါတယ်။

Chicken nuggets လုပ်တဲ့အခါ ကြက်သားအရသာစပ်ထားတာ ကြက်ဥပါတဲ့အတွက် ကိုင်တွယ်ရတာ အနည်းငယ် ခက်ပါတယ် ဒါကြောင့်မို့လို့ စိတ်ရှည်ရှည်လေးတော့ ကိုင်တွယ်လုပ်ကိုင်စေချင်ပါတယ်။

အခုပြင်ဆင်တဲ့အထဲမှာလဲ ကြက်ဥကသေးတဲ့အတွက် နှစ်လုံးထည့်ထားပေမဲ့ ကြက်ဥကြီးကြီးသုံးမယ်ဆိုရင်တော့ အရသာစပ်ရာမှာ ကြက်ဥတစ်လုံးဘဲ ထည့်စေချင်ပါတယ်။

ဒါပေမဲ့လဲ ကိုယ့်လက်ရာ သန့်သန့်လေးကို မိသားစုတွေအတွက် ပြင်ဆင်ချင်သူတွေအတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 500 g
  2. ကြက်ဥ - သုံးလုံး (အသားထဲထည့်ရန်နှင့် bread crumb ကပ်ရန်)
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ပါမုန့် - နှစ်ချပ်
  5. bread crumb - 1 cup (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  6. chicken powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. သံပုရာရည် - ထမင်းစားဇွန်း တစ်ဝက်
  10. ဆီ - လိုသလောက် သုံးပေးပါ
  11. စဉ့်နီတုန်း - တချပ်
  12. ဒလိမ့်တုန်း -တစ်ခု
ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး ရေစစ်ကာ အတုံးသေးသေးလေးတွေ လှီးပေးပါ
  2. ပါမုန့်ကို ခပ်သေးသေးလေးတွေ ဖဲ့ပေးထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  4. ဆား ငရုတ်ကောင်းမှုန့်နှင့် chicken powderတို့ကို ပြင်ထားပါ
  5. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ကြက်သား ကြက်ဥ ငရုတ်ကောင်းမှုန့် ဆား ကြက်သွန်နီ chicken powderတို့ကိုထည့်ကာ အရသာ သမအောင်  ရောနယ်ပေးပါ
  6. အရသာ နယ်ရာမှသုံးသော ကြက်ဥ အလုံးကြီးပါက တလုံးဘဲ ထည့်သုံးပါ
  7. ပြီးတာနဲ့ ကြိတ်စက်ထဲကို တစ်ဝက်ဆီခွဲပြီး ထည့်ပေးကာ နှစ်ခါခွဲပြီး ညက်နေအောင် ကြိတ်ပေးပါ
  8. သံပုရာရည်နှင့် ကြက်ဥကိုရောပြီး ခလောက်ထားပါ
  9. bread crumb ကိုလဲ ပန်းကန်ပြား တစ်ချပ်ထဲမှာ ထည့်ပေးထားပါ
Chicken Nugget လုပ်ရန်
  1. အားလုံးအဆင်သင့်ဖြစ်တာနဲ့ လက်ကိုဆီအနည်းငယ် သုတ်ပေးပါ
  2. စဉ့်နီတုန်းပေါ်မှာ ကြိတ်ထားသော ကြက်သားကို ဖြန့်ခင်းပေးပါ
  3. ပြီးတာနဲ့ ဒလိမ့်တုန်းကို ဆီသုတ်ကာ ကြက်ကြိတ်သားကို ညီနေအောင် ခပ်ဖွဖွ လိုက်လှိမ့်ပေးပါ
  4. ကြက်သားက အရမ်းပျော့တဲ့အတွက် အသာအယာ လှိမ့်ပေးပြီးတာနဲ့ လက်နှစ်လုံးလောက်လေးတွေ ဓါးနှင့် အရာလိုက်ပေးကာ လှီးပေးပါ
  5. ကြိတ်ထားသော ကြက်သားက အရမ်းပျော့နေတဲ့အတွက် ကြက်သားကို ဓါးပြားလေးနဲ့ အသာခွာယူပေးပါ
  6. ပြီးတာနဲ့ သံပုရာရည်နဲ့ ကြက်ဥခလောက်ထားသော ပန်းကန်ထဲမှာ ခပ်ဖွဖွလေး လူးပေးပါ
  7. ကြက်ဥလူးပြီးတာနဲ့ ချက်ချင်းပြန်ဆယ်ပေးပါ
  8. ဆယ်ပြီးတာနဲ့ bread crumb ပန်းကန်ထဲမှာ ခပ်ဖွဖွ ကပ်ပေးပါ
  9. ကြက်သားက ပျော့တဲ့တွက် ပုံစံလေး ပျက်သွားရင်လဲ လက်ဝါးပေါ်မှာ တင်ပေးပြီး ပုံစံလေး ပြန်ဖော်ပေးပါ
  10. အထက်ပါနည်းအတိုင်း ကြက်သားကုန်အောင် လုပ်ပေးကာ တခုပြီးတိုင်း ဗန်းပေါ်မှာ တင်ထားပေးပါ
  11. အားလုံးကုန်အောင် လုပ်ပြီးတာနဲ့  ကြော်လို့ကောင်းစေရန်  ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ အနည်းဆုံး ဆယ်နာရီလောက် ထားပေးပါ
  12. ခဲတဲ့အကန့်ထဲမှာ ထားပါက အနည်းဆုံး ၅နာရီလောက် ထားပေးပါ
ကြော်ရန်ပြင်ဆင်ပုံ
  1. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  2. ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ ထည့်ကြော်ပေးပါ
  3. ကြော်နေစဉ် အကျက်ညီပြီး အရောင်လှစေရန် မကြာမကြာ အထက်အောက် လှန်ပေးပါ
  4. နှစ်ဖက်စလုံး ရွှေဝါရောင် ရလာပြီဆိုပါက ဆယ်ပြီးဆီစစ်ပေးပါ
  5. ဆီစစ်သွားတာနဲ့ အရသာကောင်းမွန်ပြီး စားလို့ကောင်းတဲ့ chicken nuggetကြော်လေးများကို မိမိနှစ်သက်သလို သုံးဆောင်နိုင်ရန် ပြင်ပေးနိုင်ပါပြီ။

Monday, 17 June 2019

ပူပြီးစပ်နေတဲ့ မျှစ် ပိန္နဲသီးဟင်း















ရာသီဥတုကလဲ အေးစက်ပြီး ရေခဲနေတဲ့ အချိန်မှာ နေရစားရတာလဲ  တော်တော်လေးလဲ ခက်ပါတယ် ဒီတော့လဲ စိတ်ထဲက စားချင်တာလေးတွေ ချက်ရင်း ရာသီဥတုဒဏ်ကို ကြံ့  ကြံ့ ခံနိုင်အောင် ကြိုးစားရပါတယ် ဒီတော့ကာ နွေးနွေးထွေးထွေးလေးလဲနေရင်း ဒီနေ့တော့ ပူပူစပ်စပ်ဟင်းလေးကို ချက်ဖြစ်ပြန်ပါတယ်။

ဒါကြောင့်မို့လို့ မျှစ်နဲ့ ပိန္နဲသီးလေးတွေကို ငရုတ်သီးစိမ်းနဲ့ ဆန်လှော်မှုန့်လေးအုပ်ကာ ချက်ဖြစ်တဲ့အတွက် အာပူလျှာပူပြီး ပူလောင်စပ်နေတဲ့ မျှစ်ဆန်လှော်ဟင်း ချက်နည်းလေး မျှ ဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မျှစ် - 454 g (ready made ဗူးကိုသုံးထားပါတယ်)
  • ပိန္နဲသီး - 545 g (ready made ဗူးကိုသုံးထားပါတယ်)
  • ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၂ဇွန်း
  • ပုဇွန်ငါးပိ - ကွမ်းသီးဆံလုံးလောက်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂ မွှာ
  • ငရုတ်​သီးစိမ်း အစပ်​​တောင့်​ - စားနိုင်သလာက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • မန်ကျည်းသီးအနှစ် - ထမင်းစားဇွန်း တဇွန်း

ပြင်ဆင်ပုံ
  • မျှစ်ကို ရေဆေးပြီး ပုံပါအတိုင်း အတုံးလေးတွေ တုံးထားပါ
  • ပိန္နဲသီးကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြုကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် ဆားတို့ကိုရောပြီး မညက်တညက် ထောင်းထားပါ
  • ပုဇွန်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဆန်လှော်မှုန့်ကိုလဲ ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • နနွင်းမှုန့် အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို ပြင်ထားပါ
ဟင်းချက်ရန်
  • ဇောက်နက်သော အိုးထဲမှာ ဆန်လှော်မှုန့်မှလွဲပြီး ပါဝင်ပစ္စည်းများ အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာ သမအောင် မွှေပေးပြီး ထည့်ထားဖသာ အရည်ခမ်းအောင် တည်ပေးပါ
  • ပထေမ တရည်ခမ်းပြီးပါက နောက်ထပ်ရေမြုပ်အောင် ထပ်ထည့်ပေးပြီး တည်ပေးပါ
  • မျှစ်နှင့် ပိန္နဲသီးက ပြုပ်ပြီးသား နူးပြီးသားဖြစ်တဲ့အတွက် အကျက်မြန်စေပါတယ်
  • နောက်ထပ် ထပ်ထည့်ထားသော ရေပွက်ပွက်ဆူလာပါက ရေဖျော်ထားသော ဆန်လှော်မှုန့်များကိုထည့်ပြီး မွှေပေးပါ 
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းအရည် ပျစ်ပျစ်လေးကြိုက်ရင် ရေခမ်းအောင် ချက်ပေးပြီး ဟင်းအရည်နှင့် ကြိုက်ပါက ရေမခမ်းခင် မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ဆန်လှော်မှုန့် အနံ့လေး မွှေးနေပြီး ပူပူစပ်စပ်မွှေးမွှေးလေးနဲ့ စားလို့အရမ်ကောင်းတဲ့ ဟင်းပွဲလေးကို စားသုံးရန်​ ပြင်​ပေးနိုင်​ပါပြီ။