Wednesday 26 June 2019

ဂဏန်း ကော်ကြော်



ဒီနေ့တော့ ရာသီဥတုကလဲ အရမ်းအေးတယ် ဘာလုပ်စားကြရင် ကောင်းမလဲလို့ စဉ်းစားမိရင်းက ဂဏန်းကော်ကြော်လေး စားချင်စိတ် ပေါက်သွားပါတယ်။

ဒါနဲ့ဘဲ ဂဏန်းသားလေးတွေနဲ့ ကော်ကြော်လေး ကြော်ဖြစ်သွားလို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • ကော်မှုန့်  (Tapioca Starch / Corn Starch ) - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  • အာလူးမှုန့် ( Potato Starch ) - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  • ဂဏန်းသား - တစ်ဆယ်သား
  • ကြက်ဥ - တစ်လုံး
  • တရုတ်မဆလာ - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ကြက်သွန်မိတ် - သုံးပင်
  • မုန်လာဥနီ - တစ်ဥ 
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
ပြင်ဆင်ပုံ

  • ဂဏန်းကို ရေဆေးပြီး အခွံခွာကာ အသားများယူပြီးး နုတ်နုတ်စင်းပေးပါ
  • ဇလုံတလုံးထဲမှာ စင်းထားသော ဂဏန်းသား တရုတ်မဆလာ ပဲငံပြာရည်အကျဲနှင့် ဆား တို့ကိုထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • မုန်လာဥနီကို အခွံခွာပြီး ခပ်သေးသေးလေးတွေ တုံးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကော်မှုန့်ကို ရေနှင့်ဖျော်ထားပေးပါ
  • ကြက်ဥကို ခလောက်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ချင်းတို့ကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းအသားများကို ထည့်ပြီးမွှေပေးပါ
  • ဂဏန်းအသားများ လုံးခဲမသွားရအောင် သစ်သားယောင်းမနှင့် ဖိဖိပြီး ချေချပေးပါ
  • ဂဏန်းအသားများ ကျက်လောက်တာနဲ့ မုန်လာဥနီနှင့် ကြက်သွန်မိတ်ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင် မွှေပေးပါ
  • ဖျော်ထားတဲ့ ကော်ရည်ကို သမအောင်ပြန်မွှေပြီး အိုးထဲကို လောင်းထည့်ပေးပါ
  • ကော်ရည်ထည့်ပြီးတာနဲ့ အိုးမကပ်စေရန် မွှေမွှေပေးပါ
  • မွှေနေရင်းကနေ ကော်ရည်များ အရောင်ကြည်ကြည်လေး ဖြစ်လာတာနဲ့ ခလောက်ထားတဲ့ ကြက်ဥကို ထည့်မွှေပြီး သမအောင် မွှေပေးပါ
  • ကြက်ဥများ အဖတ်လေးတွေ ဖြစ်လာပြီး ကျက်လာပြီဆိုတာနဲ့ အရသာ အရမ်းရှိတဲ့ ကော်အပျော့ကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပေးကာ စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment