ဒီနေ့တော့ ငှက်ပျောဖူးနဲ့ ကြက်သားဟင်းထုတ်လေး ထုတ်ပြီးစားပါတယ် စားလို့အရမ်းကောင်းပြီး ဟင်းထုတ်တစ်ထုတ်ဆို တစ်ထုတ်လောက်နဲ့ တင်းတိမ်ရောင့်ရဲတဲ့အထိ ကောင်းလွန်းပါတယ်။
ထမင်းမစားချင်တဲ့ အခါမျိုးမှာ အခုလို ဟင်းထုတ်လေးတွေ လုပ်စားရတာလဲ ခံတွင်းလိုက်စေတာပါတယ် အရသာ အကုန်ပါတဲ့အတွက် စားလို့အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ကြက်သားငှက်ပျောဖူးပေါင်း ဟင်းထုတ် ထုတ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ
- ငှက်ပျောဖူးအနု - 400 g
- ဆန်မှုန့် - 100 g
- ကောက်ညှင်းမှုန့် - 25 g
- ကြက်သား - 150 g
- ရေ - 150 ml
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ချင်း - လက်တစ်ဆစ် သာသာ
- ကြက်သွန်ုဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း (အရသာစပ်ရန်)
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ငှက်ပျောရွက်ကို သုတ်ရန်)
- နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
- ကြက်သွန်ဖြူ ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
- ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
- ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး
- ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ
- ဆားကြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
- သံပုရာရည် - ထမင်းစားဇွန်းသုံးဇွန်း (ငှက်ပျောဖူးဆေးရန်)
ပြင်ဆင်ပုံ
အသုံးပြုမည့်ဖက် ပြင်ဆင်ရန်
- ငှက်ပျောရွက်ကိုသုံးလျှင် ခန့်မှန်းခြေ အနံ ၈လက်မ အလျှား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
- ဟင်းထုတ် ထုတ်ကာနီးပါက ဖက်ရွက်ကို သန့်သွားအောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
- အဝတ်စနှင့် သုတ်ပေးပြီးတာနဲ့ ငှက်ပျောရွက်များကို ဆီနှင့် သုတ်ပေးထားပါ
- ငှက်ပျောဖူးကို မထူမပါးလေးတွေ လှီးပေးပြီး ဆားနှင့် သံပုရာရည်တို့ထည့်ကာ ခပ်နာနာ နယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
- ကြက်သားကို ရေဆေးကာ အသားတုံးလေးတွေ တုံးထားပါ
- ကြက်သွန်မိတ်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ လက်နှစ်ဆစ်ခန့် အနေလေးတွေ လှီးထားပါ
- ဆန်မှုန့်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
- ငရုတ်သီး အကြမ်းမှုန့် ဆီချက်ကို ချက်ထားပါ
- နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်တို့ကို ထဲ့ပေးပြီး ရေနှင့်ပျော်သွားအောင် ဖျော်ထားပါ
- ဆန်မှုန့်များ ပျော်သွားတာနဲ့ နှစ်နာရီခန့် နှပ်ထားပေးပါ
- ဆန်နှစ်နှပ်ထားချိန် ပြည့်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
- အရသာ သမအောင် နယ်ပြီးတာနဲ့ သန့်စင်ထားသော ငှက်ပျောရွက်ကို နှစ်ထပ်ထပ်ပေးပါ
- ထိုငှက်ပျောရွက်ထဲမှာ အရသာ နယ်ထားသော ငှက်ပျောဖူး မုန့်နှစ်ကို ထမင်းစားဇွန်း သုံးဇွန်းလောက် ထဲ့ပေးပါ
- ထိုအပေါ်မှ ကြက်သားအသားတုံး နှစ်တုံးကို တင်ပေးပါ
- ကြက်သားအပေါ်မှ ဆန်နှစ် ထမင်းစားဇွန်း တစ်ဇွန်းကို အုပ်ပြီးတင်ပေးပါ
- ပြီးတာနဲ့ ငှက်ပျောရွက်ကို အထဲမှ ဆန်နှစ်များ မထွက်အောင် လုံနေအောင် ထုတ်ပေးပါ
- အထုတ်ခပ်ကြီးကြီး သုံးထုတ်စာ ရအောင်ထုတ်ပြီး ပေါင်းခံဇကာထဲမှာ အထုတ်များကို မှောက်ပြီး ထည့်ပေးပါ
- ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ထည့်ပေးကာ ပေါင်းခံခုံ အပေါ်မှာ ပေါင်းခံဇကာကို တင်ပေးပါ
- ပြီးတာနဲ့ အိုးအဖုံးကို အုပ်ပေးကာ ပေါင်းမည့်ခလုတ် steam ခလုတ်ကို နှိပ်ပေးကာ မိနစ်နှစ်ဆယ် နှိပ်ပေးပါ
- ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အိုးအဖုံးကို မဖွင့်ခင် အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အဖုံးကို ဖွင့်ပေးပါ
- အိုးအပြင် ထုတ်ပေးပြီးတာနဲ့ ကြက်သားငှက်ပျောဖူးဟင်းပေါင်း မွှေးမွှေးလေး ရပါပြီ
- အစပ်စားသူတို့အတွက် ငရုတ်သီးကြော်နှင့် ပြင်ပေးပါ
- အစပ်မစားပါက ကြက်သွန်ဖြူ ဆီချက်နှင့် ပြင်ပေးပါ
- ဟင်းထုတ်ပူပူလေးကို နံနံပင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက်တို့နှင့် တွဲဖက်ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment