Tuesday 7 July 2020

ကုလားပဲခြမ်းကြော် ရွရွလေး









ဒီနေ့တော့ နေ့လည်နေ့ခင်း အပျင်းပြေ ဝါးရလေအောင် ပဲခြမ်းကြော်လေးတွေ ကြော်ဖြစ်ပါတယ် မြန်မာပြည်မှာလို ပဲခြမ်းကြော်လေးတွေက အလွယ်တစ်ကူ ဝယ်လို့ မရလေတော့ စိတ်ကူးပြီး ကြံစရာလို့ ရတာလေးတွေလဲ ရှိတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကုလားပဲခြမ်းကို ရေစိမ်ပြီး ကြွတ်ရွနေအောင် ကြော်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကုလားပဲခြမ်း ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကုလားပဲခြမ်း - 450 g
  2. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ရေသုံးထပ်ဆေးပေးပါ
  • ရေဆေးပြီးသော ပဲခြမ်းများကို ဇလုံထဲမှာ ထည့်ပေပြီး ရေခပ်များများ ထည့်ပေးပြီး စိမ်ပေးပါ
  • ရေကို ၁၈နာရီလောက် စိမ်ပေးထားပါ
  • ရေစိမ်ရာမှာ နာရီကြာတဲ့အတွက် ပဲအချဉ် မပေါက်စေရန် လက်နဲ့ခနခန သွားမမွှေဖို့ သတိထားပေးပါ
  • ပဲရေစိမ်ချိန်မှာ ရာသီဥတု ပူနေပါကလဲ ပဲရေစိမ်ထားတဲ့ ဇလုံကို အချဉ်မပေါက်စေရန် ရေခဲသေတာထဲမှာ ထည့်ပြီး စိမ်ပေးပါ
  • ပဲရေစိမ်ချိန် ပြည့်တာနဲ့ ပဲများကို ရေနှစ်ထပ်လောက်နှင့် ထပ်ဆေးပေးပြီး ရေစစ်ထားပါ
  • ပဲရေစစ်တာနဲ့ ဇောက်နက်သော အနေတော် အိုးထဲမှာ ဆီကိုခပ်များများလေး ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ရေစစ်ထားသော ပဲများကို အနေတော် ထည့်ပြီး ကြော်ပေးပါ
  • ပဲများကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ပဲခြမ်းများ ထည့်ပြီးကြော်နေစဉ် အမြှုပ်များ တက်လာပြီး အမြှုပ်အသား ပြန်ကျသွားတဲ့အထိ ကြော်ပေးပါ
  • ပဲခြမ်းများ ဆီပေါ်ကို တက်လာပါက နှစ်မိနစ်လောက် ဆက်ကြော်ပေးပြီး ဆယ်ပေးကာ ဆီစစ်ထားပါ
  • ကျန်နေသော ပဲခြမ်းများကို ကုန်တဲ့အထိ အထက်ပါ နည်းအတိုင်း ကြော်ပေးပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ လေလုံပုလင်းလေးတွေထဲ ထည့်ပေးထားပြီး မိမိစားချင်တဲ့အချိန် ထုတ်ယူပြီး ကြွတ်ရွပြီး စိမ့်နေတဲ့ ပဲခြမ်းကြော်လေးများကို မိမိတို့ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment