Sunday 22 March 2020

ချဉ်ငံစပ် ငါးဖယ်သုပ်









ဒီတစ်ခါတော့ ဗီယက်နမ် ဈေးကနေ ငါးဖယ်ခြစ်လေးတွေ ဝယ်လာပြီး ငါးဖယ်ငါးဆုတ်လေးတွေ ကြော်ဖြစ်တာနဲ့ အသုပ်သုပ်စားချင်တဲ့ စိတ်လေး ပေါ်လာခဲ့ပါတယ်။

အဲဒါနဲ့ဘဲ အိမ်မှာရှိတဲ့ အသီးအရွက်လေးတွေကို ဆေးကြောပြီး လှီးပေးကာ ချဉ်ငံစပ်လေး သုပ်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်စားဖြစ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်ငါးဆုတ် - ၁၀ခု 
  2. နံနံပင်  - အနည်းငယ်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ဂေါ်ဖီ - တစ်စိတ်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. သံပုရာသီး - တစ်ခြမ်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ငရုတ်သီးစိမ်း - ၇တောင့်ခန့်
  12. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ကြော်ပြီးသား ငါးဖယ်ကို ခပ်ပါးပါးလေးတွေ ညှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခြစ်နှင့် ခြစ်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပဲမှုန့် ငံပြာရည် ငရုတ်သီးအလှော်မှုန့် ကြက်သွန်နီဆီချက်နှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
အသုပ် တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ခပ်ပါးပါး ညှပ်ထားသော ငါးဖယ် ကြက်သွန်နီ ငရုတ်သီးစိမ်း မုံလာဥနီနှင့် ဂေါ်ဖီတို့ကိုထည့်ပေးပါ
  • ကြက်သွန်နီဆီချက် ငံပြာရည်  ပဲအကျက်မှုန့် ငရုတ်သီး အလှော်မှုန့်   အရသာမှုန့် သံပုရာရည် တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်စုံ အရသာနယ်ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလိုပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ငါးဖယ်သုပ် ချဉ်ငံစပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment