ဒီတခါတော့ နေ့လည်နေ့ခင်း အပျင်းပြေ ရေနွေးကြမ်းလေးနဲ့ စားရအောင် chicken popcorn လေးတွေ ကြော်ဖြစ်ပြီး စားလို့အရမ်းကောင်းလွန်းလို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 350 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နံနံပင်အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- တရုတ်နံနံ အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ချင်းအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ ထောင်းပြီးသား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- mustardအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နွားနို့ - 1 cup
- ဂျုံမှုန့် = 1 cup
- ဆီ - လိုသလောက်သုံးပါ
ပြင်ဆင်ပုံ
- ကြက်ရင်ပုံသားကို ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ ပုံမှာပြထားတဲ့အတိုင်း ညက်ညှိုးလောက် အနေအထား အရှည်လိုက် လှီးပေးပါ
- အရှည်လိုက် လှီးထားသော ကြက်သားတုံးကို လက်တစ်ဆစ် သာသာလေးတွေ လှီးပေးပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- နွားနီု့ကို ဇလုံထဲမှာ ထည့်ထားပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား ငရုတ်ကောင်းမှုန့် ကြက်သားမှုန့် ချင်းမှုန့် mustard အမှုန့် တရုတ်နံနံအရွက်ခြောက် နံနံပင်အရွက်ခြောက်နှင့် ကြက်သွန်ဖြူထောင်းတို့ကို ရောပြီးထည့်ပေးကာ အရသာ သမအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
- အရသာ သမသွားတာနဲ့ နွားနို့ထဲမှာ စိမ်ပေးပြီး cling wrap နှင့်လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့အကန့်ထဲမှာ နှစ်နာရီလောက် ထားပေးပါ
- ဂျုံမှုန့်ကို ပန်းကန်တခုထဲမှာ ပြင်ထားပါ
- ကြက်သားနှပ်ထားချိန် ပြည့်တာနဲ့ နွားနို့ထဲမှ ကြက်သားတုံးလေးများကို အရည်စစ်ပြီး ဆယ်ပေးကာ ဂျုံမှုန့် ပန်းကန်ထဲမှာ နည်းနည်းချင်း ထည့်ပေးပြီး ခပ်ဖွဖွ လူးပေးပါ
- ကြက်သားအားလုံး ဂျုံမှုန့်လူးပြီးပါက ကြော်ရန်ပြင်ဆင်နိုင်ပါပြီ
- ဒယ်အိုးထဲမှာ ဆီခပ်များများထည့်ပြီး အပူပေးပါ
- ဆီပူလာပါက မီးကို အနေတော်လောက် လျှော့ပေးပါ
- ပြီးတာနဲ့ ကြက်သားတုံးလေးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
- အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
- ကြွတ်ရွလာပြီး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားတာနဲ့ မွှေးကြိုင်နေပြီး စားလို့အရမ်းကောင်းတဲ့ chicken popcorn လေးတွေကို စားပွဲပြင်ပေးနိုင်ပါပြီ။