ရာသီဥတုလေး အအေးက ပိုလာလေလေ စားချင်တာတွေက ချဉ်ငံစပ်လေးတွေပါဘဲ ဒါကြောင့်မို့လို့ ဒီနေ့တော့ သင်္ဘောသီးနဲ့ ပြည်ကြီးငါးကို ချိုချဉ်ငံစပ်လေး ထောင်းဖြစ်ပြန်ပါတယ်။
ရာသီဥတုနဲ့ လိုက်ဖက်ပြီး အင်မတန်မှ ဟစားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းနည်းလေး တစ်မျိုးကို ထပ်မံပြီး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- သင်္ဘောသီးစိမ်း - အနေတော် တခြမ်း
- ပြည်ကြီးငါး - 0.324 kg
- ငရုတ်သီး အခြောက်တောင့် - ၅တောင့်
- ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ- အမွှာကြီးကြီး ၃မွှာ
- ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တဇွန်း
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ (ပြည်ကြီးငါးပြုပ်ရန်)
- ကြက်သွန်မိတ် - မိမိစားနိုင်သလောက်
- ချယ်ရီခရမ်းချဉ်သီး - ၁၀လုံးခန့်(သို့ ) အလုံးကြီးကြီး တလုံး
- သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
- သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ
- ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး တ၀က်စီ ခြမ်းထားပါ
- ခရမ်းချဉ်သီး အလုံးကြီးကို သုံးပါက ခပ်ထူထူလေး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
- ပြည်ကြီးငါးကို မလိုတာတွေဖယ်ပြီး ရေဆေးထားပါ
- ရေဆေးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ပြည်ကြီးငါး ရေအနည်းငယ်နှင့် ထည့်ပြီး ဆားအနည်းငယ်နှင့်နယ်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
- ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို ပုံစံလေးတွေ လှီးပေးထားပါ
ထောင်းရန်ပြင်ဆင်ပုံ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
- ပြီးတာနဲ့ သင်္ဘောသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ထောင်းပေးပါ
- အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
- ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
- မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
- ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ
- သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာဝင်ပါတယ်
- သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
- အရေသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
- ထာင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
- ပြိးတာနဲ့ ပြည်ကြီးငါး သင်္ဘောသီးထောင်း ချိုချဉ်ငံစပ်လေးကို ကြက်သွန်မိတ်နှင့် တွဲဖက်ကာ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment