Tuesday 21 May 2019

ချဉ်ငံစပ်ခါး တမာရွက်သုပ်







ဒီနေ့တော့ ချဉ်ငံစပ်ခါး အရသာလေးတွေ ပါဝင်တဲ့ တမာဖူးလေးတွေကို သုပ်ပါတယ် မာမာကတော့ အခါးကြိုက်တဲ့သူမို့လို့ frozen လုပ်ထားတဲ့ တမာဖူးလေးတွေကိ အကြာကြီး ထပ်မပြုပ်တော့ဘဲ သုံးမိနစ်လောက်ဘဲ ပြုပ်ပြီး ပြီး ချဉ်ငံစပ်ခါးလေး ပြင်ဆင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • တမာဖူး - 227 g
  • ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ပဲအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တဇွန်းမောက်မောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း ၂ဇွန်း
  • ကြက်သွန်နီ - အနေတော် နှစ်လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  • ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ဆီချက်ချက်ရန် မိမိလိုသလောက်ကို သုံးပေးပါ
ဆီချက်ချက်ရန်
  1. ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ 
  3. ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  4. ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  5. ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ။
ပြင်ဆင်ပုံ
  • တမာဖူးများကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူနှင့် ၃မိနစ်ခန့် ပြုတ်ပေးပါ။
  • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကုန်သွားအောင် လက်နှင့်ဆုတ်ပြီး ညှစ်ပေးကာ အနေတော်လေးတွေ လှီးပေးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ။
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
  • ကြက်သွန်ဖြူ ဆီချက်နှင့် ဆီချက်အဖတ်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ။
  • ဇလုံကျယ်ကျယ်ထဲမှာ တမာဖူး ကြက်သွန်နီ ကြက်သွန်ဖြူ ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် ငရုတ်သီးစိမ်း အရသာမှုန့် ကြက်သွန်ဖြူဆီချက် ဆီချက်အဖတ် မန်ကျည်းသီးမှည့်အနှစ် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ။
  • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလိုပြင်ပေးကာ သံပုရာသီးနံ့မွှေးမွှေးနဲ့ တမာဖူးသုပ် ချဉ်ငံစပ်ခါး အသုပ်လေးကို နှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment