အချိုပွဲအတွက် ဒီနေ့တော့ ကန်စွန်းဥနဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး ကျိုဖြစ်ပါတယ် ကျိုနည်းလေးက အရမ်းကို လွယ်ပါတယ် ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ ကန်စွန်းဥများက နူးချိန်မတူနိုင်တဲ့အတွက် ကန်စွန်းဥ ပြုပ်ချိန် အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ပြုပ်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကန်စွန်းဥ - အရောင် သုံးမျိုး
- အုန်းနို့ - ၄၀၀ မီလီမီတာ (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
- သကြား - ထမင်းစားဇွန်း ၆ဇွန်းမောက်မောက် (အချိုကြိုက်လျှင် ပိုထည့်ပါ)
- အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
- ကောက်ညှင်းမှုန့် - လိုသလောက်သုံးပါ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ရေ - ၁၂၀၀ မီလီမီတာ (အုန်းနို့နှင့်ရောကျိုရန်)
ပြင်ဆင်ပုံ
- ကန်စွန်းဥကို အခွံခွာပြီး ရေဆေးထားပါ
- ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
- ကောက်ညှင်းမှုန့်ကို ဇလုံတလုံးထဲမှာထည့်ပြီး ပြင်ထားပါ။
- ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ ကန်စွန်းဥ တစ်မျိုးစီကို သပ်သပ်စီ ပြုပ်ပေးပါ
- ပြုပ်ထားသော ကန်စွန်းဥ နူးမနူးကို ဆယ်ကြည့်ပြီး အရမ်းမနူးခင် ဇကာတစ်ခုနှင့် ဆယ်ပေးပါ
- ဆယ်ပြီးတာနဲ့ အသင့်ပြင်ထားသော ကောက်ညှင်းမှုန့်ထဲထည့်ပြီး လှိမ့်ပေးပါ
- ထိုနည်းအတိုင်း ကျန်နေသော ကန်စွန်းဥ နှစ်မျိုးကိုလဲ ပြုလုပ်ပေးပါ
- အသုံးသော ကန်စွန်းဥများ တစ်ခုနှင့်တစ်ခု မတူနိုင်သောကြောင့် ကန်စွန်းဥပြုပ်ချိန် တခုနှင့်တခု မတူနိုင်ပါ
- ကန်စွန်းဥများ အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
- အုန်းနို့များ ပွက်ပွက်ဆူလာတာနဲ့ ကောက်ညှင်းမှုန့် လူးထားသော ကန်စွန်းဥများနှင့် အုန်းသီးဖတ်များကို ထည့်မွှေပေးပါ
- လေးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပြီးတာနဲ့ မီးပိတ်ပေးပါ
- ပြီးတာနဲ့ ကန်စွန်းဥ အုန်းနို့ကျို ချိုချိုစိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။