Thursday 28 February 2019

ကြက်သားဆန်ပြုပ် အိအိလေး



မိုးလေအေးအေး ရာသီဥတုအေးအေးနဲ့ ပူပူလူလူလေးတွေ စားချင်မိပြန်ပါတယ် ဒါကြောင့်မို့လို့ ကြက်သားဆန်ပြုပ်လေး ပြုပ်ဖြစ်လို့ ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ကြက်သားဆန်ပြုပ် ပြုပ်တဲ့အခါ ကြက်သားကို ရေအနည်းငယ်နဲ့ မိနစ်ပိုင်းလောက် ပြုပ်ပေးပြီး ပြုပ်ရေတွေသွန်ကာ ဆန်ပြုပ်အိုးထဲကို ကြက်သားတွေ မထည့်မိဖို့ သတိတော့ထားပါ။

မိနစ်ပိုင်းလောက် ပြုပ်ထားတဲ့ ကြက်သားထဲမှာ သွေးအနံ့က ရှိနေတတ်တဲ့အတွက် ဆန်ပြုပ်ထဲမှာ သွေးညှီနံက ဝင်နေတတ်ပါတယ်။

ဒါကြောင့်မို့ ကြက်​သားကို ပြုပ်ရည်တရည် ခမ်းအောင်ပြုပ်ပေးပြီး ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့နဲ့ ဆီသတ်ပြီးမှ ပြုပ်ပြီးသား ကြက်သားကို ဆီသတ်ပေးပြီးမှ ဆန်ပြုပ်အိုးထဲ ထည့်ပြုပ်တာက ကြက်သားဆန်ပြုပ်ရဲ့ အရသာနဲ့ ဆန်ပြုပ်အနံ့က ပိုမွှေးစေပါတယ်။


ပါဝင်ပစ္စည်းများ

  • ဆန် - ​ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ (အပျော့ဆန်ကို သုံးပါ)
  • ကြက်သား - 150 g 
  • ရေ - လိုသလောက်
  • ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • ကြက်သွန်မိတ် - လိုသလောက်
  • ကြက်သွန်နီ - အနေတော် ၃လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး၅မွှာ
  • ချင်း - လက်တစ်ဆစ်ခန့်
  • နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကြက်သွန်ဖြူကြော် - လိုသလောက်
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်းခန့်
ပြင်ဆင်ပုံ
  1. ဇောက်နက်သော အိုးခပ်ကြီးကြီးထဲမှာ ဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  2. ဆန်ပြုပ်အိုးထဲကို ရေထည့်ရာမှာ  ရေတစ်ခါထည့်လျှင် ဆန်အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  3. ဆန်ပြုပ်နေစဉ် ရေဆူလာတာနဲ့ ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေပေးပါ
  4. ပထမ တရည်မခမ်းခင် ဆန်မနူးသေးတဲ့အတွက် နောက်ထပ်ရေမြုပ်အောင် ထပ်ထည့်ပေးပြီး ဆက်တည်ပေးပါ
  5. ပုံမှန်ဆိုရင်တော့ ရေ ၅ခါလောက်ထည့်ပြီးမှ ဆန်ကနူးတတ်ပါတယ်
  6. ဒိထက်ပိုနူးချင်ရင်တော့ ရေထပ်ထပ်ထည့်ပြီး ဆက်တည်ပေးပြီး မိမိလိုချင်တဲ့ အနေအထားရရင် ဆန်ပြုပ်တာကို ရပ်ပေးပါ
  7. ဆန်ပြုပ်အိုး တည်နေစဉ် အောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  8. ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  9. ဆန်သားကျေလာလေ ဆန်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာ မွှေမွှေပေးပါ
  10. ဆန်ပြုပ်ထားစဉ် လိုအပ်တာတွေကို အဆင်သင့်ရအောင် ပြင်ပေးထားပါ
  11. ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
  12. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် ၈စိတ်လှီးထားပါ
  13. ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  14. ချင်းကိုအခွံခွာကာ ရေဆေးပြီး ညက်နေအောင် ထောင်းပေးပါ
  15. ငရုတ်ကောင်းကို ညက်နေအောင် ထောင်းထားပါ
  16. ကြက်သားကို အနေတော် လှီးထားပြီး ဆားလက်ဖက်ရည်ဇွန်း တ၀က် ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  17. ပြီးတာနဲ့ ဇောက်နက်တဲ့ အနေတော်အိုးထဲထည့်ကာ ရေမြုပ်ရုံလေးထည့်ပြီး ပြုပ်ပေးပါ
  18. ကြက်သားပြုပ်ရည် ခမ်းတာနဲ့ အအေးခံကာ အနေတော် အတုံးလေးတွေရအောင် မွထားပေးပါ
  19. ပြီးတာနဲ့ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  20. ဆီအငွေ့တက်လာတာနဲ့ ချင်းထောင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တ၀က်ဆီကို ထည့်ကြော်ပါ
  21. ကြက်သွန်များ နွမ်းတာနဲ့ ပြုပ်ပြီးမွထားသော ကြက်သားကို ထည့်ပြီး ၃မိနစ်လောက် ဆီသတ်ပါ
  22. ကြက်သား ဆီသတ်နံ့လေး မွှေးလာတာနဲ့ မီးအေးအေးနဲ့ တည်ထားတဲ့ ဆန်ပြုပ်အိုးထဲ ပြောင်းထဲ့ပါ
  23. ကြက်သားထည့်ပြီးတာနဲ့ ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီ နူးတဲ့အထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  24. ကြက်သွန်နီ နူးလာတာနဲ့ ရေအပျစ်အကျဲကို လိုသလိုပြင်ရန် ရေနွေးကို ထည့်ပေးပါ
  25. ပြီးတာနဲ့ ထောင်းထားသော ငရုတ်ကောင်းမှုန့် ထောင်းထားသော ကြက်သွန်ဖြူတို့ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးကာ အရသာမြည်း၍ လိုသလိုပြင်ပေးပါ
  26. ကြက်သား ဆန်ဆန်ပြုပ်ကို ကြက်​သွန်​ဖြူကြော်​နှင့် ကြက်သွန်မိတ်တို့ ဖြူးပေးကာ ပူပူလူလူလေး သောက်ရန်ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment