Tuesday 26 February 2019

ဆန်ပြားကြော် (အချိုကြော်)





အခုရက်ထဲ သမီးငယ်လဲ ကျောင်းကိုပြန်သွားပြီဆိုတော့ လူကြီးနှစ်ယောက်ထဲစာအတွက် ထွေလီကာလီတွေလဲ ချက်မနေချင်တော့တာနဲ့ အရင်ရက်က လုပ်ထားတဲ့ ဆန်ပြားဖတ်လေးကို အချိုနဲ့အစပ် တယောက်တစ်ပွဲစာ ကြော်စားဖြစ်သွားပါတယ်။

ကိုယ်ကအစပ်စားတဲ့သူဆိုတော့ သတ်သတ်လွတ် အစပ်ကြော်ပြီး သူ့အတွက်တော့ အသားလေးနဲ့ အချိုကြော်ပေးလိုက်ပါတယ်။

ဒါကြောင့်မို့လို့ အရမ်းအရမ်းကို စားလို့ကောင်းလွန်းတဲ့ ကိုယ်တိုင်လုပ် ဆန်ပြားကြော် အချိုကြော်နည်းအတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင် ကြော်နည်းရေးပေးထားတဲ့ အချိုးအစားက နှစ်ပွဲစာ ဖြစ်တဲ့အတွက် အချို အစပ် ကြော်ရာမှာ ပါဝင်ပစ္စည်းများကို တစ်ပွဲပြင်တိုင်း တစ်ဝက်ဘဲထည့်ပြီး ကြော်ပေးပါ။

ပါဝင်ပစ္စည်းများ 

  1. ဆန်ပြား - ၂၅ ကျပ်သား
  2. ကြက်သား - ၁၅ ကျပ်သားခန့်
  3. ကိုက်လန် - မိမိနှစ်သက်သလောက်
  4. မုံလာဥနီ - အနေတော်တစ်ဥ
  5. ဂေါ်ဖီ - အဖတ်ကြီးကြီး နှစ်ရွက်
  6. ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
  7. ကြက်သွန်မိတ် - နှစ်ပင်
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (အကြော်ကြော်ရန်)
  14. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်သားအရသာနယ်ရန်)
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ ( ကြက်သားအရသာနယ်ရန်)
  16. အရသာသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သားအရသာနယ်ရန်)
  17. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  18. ကြက်ဥ - တစ်လုံး
  19. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ကြက်ရိုးဟင်းခါးချက်ရန်
  1. မိမိနှစ်သက်ရာ ကြက်ရိုး နှစ်ဆယ်သားခန့်ကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  2. ရေပွက်ပွက်ဆူလာပါက ဟင်းခါးရည်မှာ အညှီနံ့ပျောက်အောင် ပထမတရည်ကို သွန်ပေးပါ
  3. နောက်တရည် မြုပ်အောင်ထပ်ထည့်ပြီး ဆားနှင့် အရသာမှုန့်ကို သင့်သလိုထည့်ပြီး အရိုးထဲမှ အချိုရည်များ ထွက်လာအောင် ပြုပ်ပေးပါ
  4. အချိုရည်များ ထွက်လာပါက ရေကိုလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင်တည်ပေးပါ
  5. ရေဆူတာနဲ့ ကြက်သွန်ဖြူ နှစ်မွှာကို မညက်တညက်ထောင်းပြီး ထည့်ပေးပါ
  6. ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံခန့် ထည့်ပြီး အရသာမြည်းပါ
  7. လိုသလို ပြင်ပေးပြီးတာနဲ့ ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီကိုထည့်ပြီး မီးနွေးနွေးနဲ့ တည်ထားပါ

ပြင်ဆင်ပုံ
  1. ကြက်သားကိုရေဆေးပြီး ဆား နနွင်းနှင့် အရသာမှုန့်တို့နယ်ကာ အသားကျက်အောင် ပြုပ်ထားပါ
  2. အသားကျက်တာနဲ့အရိုးထွင်ကာ အနေတော်လေးတွေ လှီးထားပါ
  3. ဆန်ပြားဖတ်ကို အဆင်သင့်ပြင်ထားပါ
  4. ပဲပင်ပေါက်ကို ရေဆေးထားပါ
  5. ဂေါ်ဖီကိုရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  6. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  7. ကိုက်လံကို ရေဆေးပြီး တစ်လက်မလောက် အနေလေးတွေ လှီးထားပါ
  8. ကြက်သွန်မိတ်ကို ရေဆေးပြီး တစ်လက်မလောက် အနေလေးတွေ လှီးထားပါ
  9. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  10. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ သကြားကို အရင်ဆုံး ထည့်ကြော်ပါ
  12. သကြားကြော်နေစဉ် အဆက်မပြတ်မွှေပေးပါ
  13. သကြားပျော်လာပြီး ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  14. ကြက်သွန်ဖြူနံ့လေး သင်းလာတာနဲ့ ပြုပ်ထားသော ကြက်သား ဂေါ်ဖီ မုန်လာဥနီနှင့် ကိုက်လန်တို့ကို အရင်ဆုံး ထည့်ကြော်ပါ
  15. အရွက်များထည့်ပြီး တမိနစ်ခွဲလောက် ကြော်ပြီးတာနဲ့ ကြက်သားနှင့် ဆားထည့်ပြီး မွှေပေးပါ
  16. ပြီးတာနဲ့ ဆန်ပြားဖတ်များထည့်ကာ ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကျဲ ခရုဆီတို့ကိုထည့်ပြီး သမအောင် မွှေပေးပါ မိနစ်ဝက်လောက် ရတာနဲ့ ဆန်ပြားဖတ်များကို ဒယ်အိုးဘေးမှာ တွန်းထားပြီး ပဲပင်ပေါက်နှင့် ကြက်သွန်မိတ်ကို ထည့်ကြော်ပါ
  17. နှစ်ခါ သုံးခါလောက် ဆက်တိုက်မွှေပြီးတာနဲ့ ဒယ်အိုးဘေး ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီ ကြက်ဥကျက်အောင်း မွှေပေးပါ
  18. ကြက်ဥကျက်တာနဲ့ ဆန်ပြားဖတ်ကြော်နှင့် ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  19. ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်ဖြူးကာ ဆန်ပြားကြော် ပူပူလေးကို ဟင်းခါးပူပူလေးနှင့် ကြက်သွန်မိတ် ဂေါ်ဖီ မုံလာဥနီတို့နှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက် ။ ။ မာမာတို့က အရသာ ခပ်ပေါ့ပေါ့ စားတဲ့အတွက် အထက်ပါ အချိုးအစား အတိုင်းဘဲ ကြော်ပါတယ် ခပ်လေးလေး ကြိုက်ရင်တော့ အငံအရသာ ပိုထည့်ပေးပါ။

No comments:

Post a Comment