ကိုရီးယား မှိုလေးတွေ ဝယ်လာဖြစ်တာနဲ့ ကန်စွန်းရွက်နဲ့ရောကာ ချဉ်ရည်ဟင်း တစ်မယ် ချက်ဖြစ်ပါတယ် ချဉ်ရည်ဟင်းကို ပင်စိမ်းရွက်လေး အုပ်ကာ ချက်ထားတာမို့ စားလို့ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကန်စွန်းဖြူ - လက်တစ်ဆုတ်သာသာ စည်းထားသောအစည်း တစ်စည်း
- ကိုရီးယားမှို - နှစ်ပွင့်
- ပင်စိမ်းရွက် - လက်တစ်ဆုတ်စာ
- ကြက်သွန်နီ - တစ်ခြမ်း
- ကြက်သွန်ဖြူ - နှစ်မွှာ
- ချင်း - လက်တဆစ်၏ တစ်ဝက်
- ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးဖယ်ငဆုတ် - ဆယ်ခုခန့်
ပြင်ဆင်ပုံ
- ကန်စွန်းရွက်ကို တစ်ပင်ချင်း ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးပြီး ရေစစ်ထားပါ
- မှိုကိုရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ပင်စိမ်းရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
- ငါးဖယ်ငဆုတ်ကို ကြော်ပြီး အဆင်သင့် ပြင်ထားပါ
- မကျည်းသီး အမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
- ဇောက်နက်သော အိုးထဲမှာ ကန်စွန်းရွက်များ လှီးထားသော မှိုများ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ငါးဆုတ်ကြော်ကိုထည့်ကာ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ ပြီးတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပင်စိမ်းရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
- ထမင်းမိန်စေတဲ့ မှို ကန်စွန်းရွက် ချဉ်ငံစပ် အရသာမွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။
No comments:
Post a Comment