မြန်မာပြည်က ပြန်ရောက်လာတည်းက သြစီမှာ တောမီးတွေက ဆီးကြိုနေလေတော့ ထမင်းဟင်းလဲ ကောင်းကောင်း မချက်နိုင် ဘလော့ဆီလဲ မဝင်နိုင်ခဲ့ပြန်ပါဘူး။
ဒီနေ့တော့ ရာသီဥတုလေး နည်းနည်းလေး အေးချမ်းသွားတာနဲ့ ဆန်ပြားဖတ်လေးတွေ ဝယ်လာပြီး ထိုင်းစတိုင်လ် အစပ်လေး ကြော်စားဖြစ်ပါတယ် ပူပူနွေးနွေး စားတဲ့အခါ အရမ်းဘဲ ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန်ပြားဖတ် - 150 g
- ပဲတောင့်ရှည် - ၅တောင့်
- ကိုက်လံ - အခက်ကြီးကြီး နှစ်ပင်
- ဂေါ်ဖီ - တစ်စိတ်ခန့်
- မုံလာဥနီ - အနေတော် တစ်ဥ
- ဘဘေီပြောင်းဖူး - ငါးဖူး
- ပဲပင်ပေါက် - လက်တစ်ဆစ်စာ
- ရွှေပဲသီး - ငါးတောင့်
- တရုတ်နံနံ - အနည်းငယ်
- ငံပြာရည်အကြည် ထမင်းစားဇွန်း - ၂ဇွန်း
- ပဲငံပြာရည်အနောက် ထမင်းစားဇွန်း - တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ငံပြာရည်မွှေး - ထမင်းစားဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီး အကြမ်းဖတ် - ထမင်းစားဇွန်း တစ်ဝက်သာသာ
- ကြက်ဥ - တလုံး
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
- ဆန်ပြားဖတ်နဲ့အတူ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ပဲသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
- ရွှေပဲသီးကို အကြောသင်ပြီး ရေဆေးကာ ထက်ဝက်ပိုင်းထားပါ
- ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးပေးထားပါ
- တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- ကိုက်လံကို ရေဆေးပြီး ရေစစ်ကာ အနေတော် လှီးထားပါ
- ဘေဘီပြောင်းဖူးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူ အနံ့ မွှေးလာပါက ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- ကြက်ဥကျက်တာနဲ့ ပဲသီး မုံလာဥနီ ဘဘေီပြောင်းဖူး ဂေါ်ဖီနှင့် ကိုက်လံတို့ကို ထည့်ကြော်ပါ
- အသီးအရွက်များ ထည့်ပြီးတာနဲ့ ဆား ငံပြာရည်အကြည် နှမ်းဆီမွှေး ခရုဆီ ငံပြာရည်မွှေးနှင့် အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ အနည်းငယ် နွမ်းအောင်ကြော်ပေးပါ
- ပြီးတာနဲ့ ဆန်ပြားဖတ် ရောကြော်၍ ပျော့လာပြီ ဆိုတာနဲ့ ပဲငံပြာရည်နှင့် ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ
- အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ တရုတ်နံနံနှင့် ပဲပင်ပေါက်တို့ကိုထည့်ပြီး အားလုံးကို ရောမွှေကာ မီးပိတ်ပေးပါ။
- အသားမပါပေမဲ့ အင်မတန်မှ စားလို့ကောင်းလွန်းတဲ့ ဆန်ပြားဖတ် အစပ်ကြော်လေးကို စားသုံးဖို့ ပြင်ပေးလို့ ရပါပြီ။